ရွှေလက်ကားဈေးကွက်၌ ရွှေအတုံးလိုက် ရောင်းဝယ်ရာတွင် ၁ဝ ကျပ်သား တိတိကိုသာ ရောင်းဝယ်ခွင့်ပြု

ရွှေလက်ကားဈေးကွက်၌ ရွှေအတုံးလိုက် ရောင်းဝယ်ရာတွင် ၁ဝ ကျပ်သား တိတိကိုသာ ရောင်းဝယ်ခွင့်ပြု

ရွှေလက်ကားဈေးကွက်၌  ရွှေအတုံးလိုက် အရောင်းအဝယ် ပြုလုပ်ရာတွင် တစ်ပိုင်းလျှင် ၁ဝ ကျပ်သား တိတိကိုသာ ရောင်းဝယ်ခွင့်ပြုထားပြီး  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးကို   အချိန်တိုးမြှင့် ဖွင့်လှစ်ထားကြောင်း အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

ရွှေလက်ကားဈေးကွက်၌   ယခင်က အကယ်ဒမီ အခေါက်ရွှေ   ၁ဝ ကျပ်သား အတုံးရောင်းဝယ်ရာတွင် အလေးချိန်မှာ ရွေးစွန်း၊  ပဲစွန်းများ ပါရှိသည့်အတွက် ယခုအခါ  ပိုမိုလွယ်ကူ အဆင်ပြေစေရန်  ရွှေအပိုင်း   ၁ဝ   ကျပ်သား တိတိကိုသာ ရောင်းဝယ်ခွင့်ပြုရန် စတင်ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုသို့ပြောင်းလဲ သတ်မှတ်ခြင်းကို အသင်းရုံး၌ ပြုလုပ်ခြင်းဖြစ်ပြီး ရွှေဆိုင်များ၌ ပုံမှန်အတိုင်းသာ ရောင်းချကြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေလက်ကား ဈေးကွက်ပြုလုပ် နေသည့်    ရွှေလုပ်ငန်းရှင်များ အသင်း ရုံးခန်းကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အချိန်လျှော့ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီ အထိ အချိန်တိုးမြှင့်ပြီး ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။

လတ်တလောတွင် ဈေးကွက်အတွင်း ရွှေပြန်လည် ရောင်းချသူ နည်းပါးလာခြင်းနှင့်    မိုးရာသီကာလ ဖြစ်ခြင်းတို့ကြောင့် ကုန်ကြမ်းရှားပါးနေသော်လည်း   မကြာမီ ကုန်ကြမ်းများ   ပုံမှန်အတိုင်း   ပြန်လည် ဝင်ရောက်လာနိုင်ကြောင်း သိရသည်။

လက်ရှိ ရွှေအရောင်းအဝယ် အေးနေပြီး  စက်တင်ဘာ  ၂ဝ  ရက်တွင်  အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၈၄၅ဝဝဝ ဈေးနှုန်း ရှိကြောင်း၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၇ ဒေါ်လာနှင့် ပြည်တွင်းငွေ လဲလှယ်နှုန်းမှာ အမေ ရိကန်တစ်ဒေါ်လာလျှင်  ပြင်ပပေါက်ဈေး ရောင်းဈေး  ငွေကျပ်  ၁၈၉ဝ  ဝန်းကျင် ရှိကြောင်း သိရသည်။