ရှန်ဟိုင်းရှိ တက်စလာစက်ရုံက ပထမ ကိုးလအတွင်း ကားအစီးရေ သုံးသိန်း ထုတ်လုပ်ရန် မျှော်မှန်း

ရှန်ဟိုင်းရှိ တက်စလာစက်ရုံက ပထမ ကိုးလအတွင်း ကားအစီးရေ သုံးသိန်း ထုတ်လုပ်ရန် မျှော်မှန်း

တက်စလာကား ကုမ္ပဏီ၏ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ စက်ရုံခွဲက ကမ္ဘာပေါ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ပြတ်လပ်နေသည့်ကြားမှ ယခုနှစ်ပထမ ကိုးလအတွင်း ကားအစီးရေ သုံးသိန်းထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါစက်ရုံသည် လျှပ်စစ်စွမ်းအင်သုံး Model 3 ဆလွန်းကားများနှင့် Model Y SUVကားများကို ပြည်တွင်း အတွက်သာမက ဂျာမနီနှင့်ဂျပန် အပါအဝင် နိုင်ငံတကာ ဈေးကွက်အတွက်ပါ ထုတ်လုပ်နေခြင်းဖြစ်သည်။  တရုတ်လူစီးကား အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ အဆိုပါ စက်ရုံသည် ယခုနှစ်ပထမ ရှစ်လအတွင်း ကားအစီးရေ ၂၄ဝဝဝဝ ခန့်ကို ထုတ်လုပ်ကာ အများစုကို တင်ပို့ခဲ့သည်ကို တွေ့ရသည်။

တက်စလာ ကုမ္ပဏီဘက်ကမူ အဆိုပါ စက်ရုံမှမော်တော်ကား ထုတ်လုပ်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ကြေညာထားခြင်း မရှိပေ။

ထို့ပြင် ရှန်ဟိုင်းရှိတက်စလာ စက်ရုံအနေဖြင့် ယခုနှစ်တစ်နှစ်လုံးတွင် ကားအစီးရေ လေးသိန်းခွဲအထိ ထုတ်လုပ်နိုင်ဖွယ်ရှိကာ ထိုအထဲတွင် ပြည်ပတင်ပို့မှု အတွက် အစီးရေ ၆၆၁ဝဝ ပါဝင်ကြောင်း စက်ရုံမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လတွင်ပြောသည်။

တက်စလာကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း အချက်အလက် လုံခြုံရေးနှင့် သုံးစွဲသူဝန်ဆောင်မှု ဖြေရှင်းချက်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ စိစစ်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် တရားရေးနှင့်ပြင်ပ ဆက်ဆံရေးအဖွဲ့များ အတွက် မန်နေဂျာရာထူးများကို ခေါ်ယူနေကြောင်း သိရသည်။