ရှမ်းရွာသစ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေး ဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၆ ရက်တွင် ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စု ထီးမိုးခီး ကျေးရွာနှင့်ခေါသူးခီးကျေးရွာတို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့်  အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ကလေးငယ်များ ကူးစက်ရောဂါများမှ ကာကွယ်ရန်နှင့် ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း COVID-19  ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ လက်ဆေးရည်များဖြင့်

လက်သန့်စင်စေခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်း အခြား အလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။