ရှားပါးမျိုးစိတ်ဝင် မြန်မာ့ကြယ်လိပ်များ ယခုနှစ်တွင် ပေါက်ပွားနှုန်း ပိုလာဖွယ်ရှိ

နေပြည်တော်  ဇွန်  ၈

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ရှားပါးမျိုးစိတ်ဝင်အဖြစ် ထိန်းသိမ်းထားသော မြန်မာ့ကြယ်လိပ်များ ယခုနှစ်တွင် စတင် ပေါက်ပွားနေပြီး ယခင်နှစ်များထက် ပေါက် ပွားနှုန်းပိုလာဖွယ်ရှိကြောင်း    တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်) တိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ဆေးကုသရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ကြယ်လိပ်ပြကွက်ကို အရင်က တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှာ ပြကွက်တစ်ခု အနေနဲ့ မပြသနိုင်တဲ့အတွက် ပေါက်ပွားမှု မရှိသလောက်ဖြစ်ခဲ့တယ်။ ၂ဝ၁၉ ခုနှစ်ကစပြီး    မြန်မာ့ကြယ်လိပ်ပြကွက် အသစ်တစ်ခုကို ဖန်တီးပြီး စနစ်တကျ မွေးမြူခဲ့တဲ့အတွက်  အကောင်ရေ များလာတယ်။     

ကြယ်လိပ်တွေက နှစ်စဉ် အောက်တိုဘာလမှာ ဥကျင်းတူးတာတွေ လုပ်ပါတယ်။ အဲဒီအချိန်ကစပြီး  ပေါက်ပွားဖို့ ခုနစ်လ၊   ရှစ်လကြာပါတယ်။ မိုးဦးကျ အခုလိုရာသီမှာ  ကျင်းထဲကနေ  စထွက်လာပါတယ်။

ဒီနှစ် မေနဲ့ ဇွန်လတွေမှာ ကြယ်လိပ် ၁ဝ ကောင်စပေါက်နေပါပြီ။ ဒီနှစ်မှာ ပေါက်ပွားနှုန်း ပိုများလာမယ်လို့  ယူဆရပါတယ်။

ကြယ်လိပ်ပေါက်တွေကိုလည်း  ကျန်းမာရေး ကောင်းမွန်စွာနဲ့   အသက်ရှင်နိုင်ဖို့ ဂရုစိုက်ထိန်းသိမ်းပေးရပါတယ်'' ဟု ၎င်းကပြောသည်။

ယခုအခါ  ရှားပါးမျိုးစိတ်ဝင်  မြန်မာ့ကြယ်လိပ်များကို  တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌  ထိန်းသိမ်းထားပြီး  မြန်မာ့ကြယ်လိပ်ပြကွက် တစ်ခုအနေဖြင့်  ပြသလျက်ရှိသည်။ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလက မြန်မာ့ကြယ်လိပ်ကိုးကောင် စတင် ပေါက်ပွားခဲ့ကာ ယခုနှစ်တွင် ကြယ်လိပ်များသည်   ဥကျင်းကိုးကျင်း ပြုလုပ်ခဲ့ပြီး တစ်ကျင်းလျှင် ကြယ်လိပ်ဥငါးလုံးမှ ကိုးလုံးအထိရှိမည်ဟု  ခန့်မှန်းထားကြောင်း သိရသည်။ 

လက်ရှိပေါက်ပွားနေသော  ကြယ်လိပ် ၁ဝ   ကောင်သည်   ဥကျင်းနှစ်ကျင်းမှ ပေါက်ပွားသည့်  အနေအထားသာ ရှိနေသေးကြောင်း၊  ကျန်ခုနစ်ကျင်းမှ  ထပ်မံ ပေါက်ပွားမည်ဆိုပါက ယခုနှစ်တွင် မြန်မာ့ကြယ်လိပ် ပေါက်ပွားနှုန်း    ပိုလာဖွယ်ရှိကြောင်း သိရသည်။