ရှီကျားကျွမ်းမြို့၌ ကွာရန်တင်းစင်တာကြီးတစ်ခုကိုအသည်းအသန်ဆောက်လုပ်နေ

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံ ရှီကျားကျွမ်းမြို့၌ မြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ရေး အတွက် ကွာရန်တင်းစင်တာကြီးတစ်ခုကို    အသည်းအသန်ဆောက်လုပ်နေကြောင်းသိရသည်။ နိုင်ငံ မြောက်ပိုင်းရှိ    အဆိုပါမြို့၌လုပ်ဆောင်နေသည့်  တည်ဆောက်ရေးလုပ်ငန်းမြင်ကွင်းများသည်   ပြီးခဲ့ သည့်နှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားရာ ဝူဟန်မြို့၌ လုပ်ဆောင်သည့် ဆောက်လုပ်ရေးမြင်ကွင်းများနှင့်ထပ်တူနီးပါးတူညီသည်။

လက်ရှိတည်ဆောက်နေသည့် ယာယီအဆောက်အအုံများတွင် ရေချိုးခန်းများ၊ ဝိုင်ဖိုင်ချိတ်ဆက်မှု စနစ်နှင့် လေအေးပေးစနစ်များပါဝင်မည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးသွားပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်လူနာများနှင့် ထိတွေ့ဖူးသူများကို ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လူရာပေါင်းများစွာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး လူသန်းပေါင်းများစွာကို လော့ဒေါင်းချလိုက်ရပြီးနောက် ဇန်နဝါရီ ၁၃ ရက်မှစ၍   အဆိုပါကွာရန်တင်းစင်တာကြီးကို ဆောက်လုပ်ခြင်းဖြစ်သည်။ အကယ်၍ဆောက်လုပ်မှုပြီးစီးသွားပါက လူ ၄၀၀၀ ကျော်ကို ကွာရန်တင်း ထားရှိနိုင်မည်ဖြစ်ကြောင်း CCTV သတင်းဌာနက ဇန်နဝါရီ ၁၉ ရက်တွင်ဖော်ပြသည်။

ကမ္ဘာတစ်ဝန်းရှိနိုင်ငံများက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အလူးအလဲခံနေရချိန် တရုတ်နိုင်ငံသည် ထိုရောဂါကိုထိန်းချုပ်နိုင်သည့်  နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း မကြာသေးမီက အဆိုပါရောဂါကူးစက်မှု မြင့်တက်ခြင်းနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ပြင် မကြာမီကျရောက်မည့် တရုတ်နှစ်သစ်ကူးအား လပ်ရက်ကာလကြောင့် ပြည်တွင်း၌ ရောဂါကူးစက်မှုနောက်တစ် ကျော့ဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမြင့်ဆုံးအဆင့်သတိပေးမှုများပြုလုပ်ထားကြောင်းသိရသည်။