လက်ဘနွန်ရှိ ဟစ်ဇဘိုလာတပ်ဖွဲ့နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား

လက်ဘနွန်ရှိ ဟစ်ဇဘိုလာတပ်ဖွဲ့နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား

တဲအဗစ်၊ စစ်ရေး

အစ္စရေးနှင့်အီရန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာနေစဉ် လက်ဘနွန်ရှိ ဟစ်ဇဘိုလာ တပ်ဖွဲ့နှင့် အစ္စရေးတပ်ဖွဲ့တို့ကြား သြဂုတ် ၆ ရက်တွင် သုံးရက်မြောက်နေ့အဖြစ်   ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားကြောင်းသိရသည်။

ဟစ်ဇဘိုလာတပ်ဖွဲ့သည် အစ္စရေးတပ်ဖွဲ့များကို ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခြင်း ဖြစ်ပြီး အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းသို့ လက်တုံ့ပြန်ပစ်ခတ်မှုများ ပြန်လည် ပြုလုပ်သည်။

ယခုသုံးရက်မြောက်တိုက်ခိုက်မှုသည် တင်းမာမှုများထပ်မံဖြစ်ပွားခြင်းကို ရှောင်ရှား ရန်ဖြစ်ပြီး အစ္စရေးတို့၏လေကြောင်းမှ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး မြေပြင်တပ်ဖွဲ့များအနီးရှိ မြေလွတ်နေရာများကိုသာ ပစ်မှတ်ထားပစ်ခတ်ခြင်း ဖြစ်ကြောင်း ဟစ်ဇဘိုလာတပ်ဖွဲ့က  ပြောသည်။

အလားတူ အစ္စရေးအစိုးရကလည်း စစ်ပွဲဖြစ်လာစေသည်အထိ အရှိန်မြှင့်ရန် ဆန္ဒမရှိကြောင်း၊ သို့သော်စစ်ပွဲအတွက် အသင့်ရှိကြောင်း ထုတ်ဖော်ပြောထားသည်။

ဟစ်ဇဘိုလာတပ်ဖွဲ့အနေဖြင့် အခြေအနေများ မဆိုးဝါးစေရေးအတွက်သာ မြေလွတ်နေရာ များကို တမင်ပစ်မှတ်ထားပစ်ခတ်သည်ဟု နားလည်ကြောင်း အစ္စရေးစစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အမ်နွန်ရှတ်ဖလာက သတင်းထောက် များကိုပြောသည်။

လူအသေအပျောက်မရှိသော ထိုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ပင်လယ်ကွေ့ရှိ အစ္စရေးရေနံတင်သင်္ဘောကို အီရန်ကတိုက်ခိုက်သည်ဟူသော စွပ်စွဲချက် များထွက်လာပြီးနောက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဟစ်ဇဘိုလာတပ်ဖွဲ့နှင့် အစ္စရေးတို့ကြားပစ်ခတ်မှုသည် သြဂုတ် ၄ ရက်တွင် စတင်ခြင်း ဖြစ်ပြီး လက်ဘနွန်ဘက်က အစ္စရေးကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများ အပါအဝင် အမြောက်များဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း သိရသည်။

Ref: TST