လက်ဘနွန်၌ လေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ကျိုင်းကောင်များ ဝင်ရောက်ဖျက်ဆီးမှုနှင့် ရင်ဆိုင်နေရ

လက်ဘနွန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ စိုက်ပျိုးရေး နယ်မြေများ၌ လေလမ်း ကြောင်း ပြောင်းလဲမှုကြောင့် ကျိုင်းကောင်များ ဝင်ရောက်ဖျက်ဆီးမှု အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်းနှင့် လယ်သမားများကို ကူညီရန် စစ်ဘက်ရဟတ်ယာဉ်များက ရေပက်ဖျန်း မှုများ လုပ်ဆောင်ပေးကြောင်း သိရသည်။

လယ်ယာမြေများစွာတွင် ကြီးမားသည့် ဆုံးရှုံးမှု မရှိသော်လည်း နိုင်ငံတောင်ပိုင်းသို့ လေလမ်းကြောင်း ဦးတည်သွားနိုင်သည့် အတွက် အဆိုပါ လေလမ်းကြောင်းအတိုင်း ကျိုင်းကောင်များ ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်နေရကြောင်း  ယာယီစိုက်ပျိုး ရေးဝန်ကြီး အဘက်မော်တာဒါက ဧပြီ ၂၆ ရက်တွင်ပြောသည်။

၎င်းတို့အနေဖြင့် ကျိုင်းကောင်များကို အချိန်တိုအတွင်း နှိမ်နင်းရန် စီစဉ်ထားသော်လည်း မာဂျာဟင်းဒေသရှိ ဟာမီးအရပ်တွင် ကျိုင်းကောင် အရေအတွက် များစွာကျန်ရှိ နေသေးကြောင်း ၎င်းကဆက်ပြောသည်။

ကောက်ပဲသီးနှံများကို ဖျက်ဆီးနေသည့် ကျိုင်းကောင်များသည် လက်ဘနွန်နိုင်ငံ အတွက် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး အခြေအနေကို ဖြစ်ပေါ်စေကြောင်း သိရသည်။