လက်ရွေးစင်ဘောလုံးအသင်း နည်းပြအဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းတိုးရန် စီစဉ်

ယခုနှစ် နှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အသီးသီး၏   နည်းပြ အဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် သက်တမ်းတိုးစာချုပ် သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း   မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် နှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် နည်းပြအဖွဲ့ဝင်များတွင်၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆုရရှိအောင်   စွမ်းဆောင်ပေးခဲ့သည့်  မြန်မာ ယူ-၂၂ ဘောလုံးအသင်း၏ နည်းပြချုပ် ပိုပေါ့လည်း ပါဝင်နေသည်။

ထို့ကြောင့် ယင်းနည်းပြ အဖွဲ့ဝင်များကို မူလက အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေး၍   စွမ်းဆောင်ရည်များပေါ် မူတည်ကာ စာချုပ်သက်တမ်းတိုးရန် စီစဉ် ထားသော်လည်း    COVID-19 ရောဂါ အခြေအနေကြောင့်  နှစ်ကုန်ပိုင်းမှသာ စာချုပ်သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း   သိရသည်။

မူလက  လက်ရွေးစင်အသင်းတွေရဲ့နည်းပြတွေကို   သက်တမ်းတိုးဖို့အတွက် အောက်တိုဘာလအတွင်းမှာ တွေ့ဆုံဆွေး နွေးဖို့စီစဉ်ထားတာပါ။   ဒါပေမဲ့   အခု COVID-19 ရောဂါအခြေအနေကြောင့်  နှစ်ကုန်ပိုင်းလောက်မှ စာချုပ်သက်တမ်း တိုးဖို့    လုပ်ဆောင်နိုင်မှာပါ။  စာချုပ်သက်တမ်းကုန်မှာက   ပြည်ပနည်းပြရော ပြည်တွင်းနည်းပြတွေ ပါပါတယ်။ နည်းပြ ချုပ်တွေအပြင်  နည်းပြအဖွဲ့ဝင်တွေကို လည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာပါ ဟု ၎င်းကပြောသည်။

လက်ရှိဖွဲ့စည်းထားသည့် လက်ရွေးစင် ဘောလုံးအသင်းများတွင် အမျိုးသားအသင်းကို ဂျာမနီနိုင်ငံသား  အန်တွမ်နီဟေး၊ ယူ-၂၂ အသင်းကို ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့၊ ယူ-၁၉ အသင်းကို ဦးစိုးမြတ်မင်း၊ ယူ-၁၆ အသင်းကို  ဦးချစ်နိုင်နှင့် အမျိုးသမီးလက်ရွေးစင် အသင်းကို ဦးတင်မြင့်အောင်၊ ယူ-၁၈ အမျိုးသမီးအသင်းကို ဒေါ်သက်သက်ဝင်း၊ ယူ-၁၅ အမျိုးသမီးအသင်းကို ဒေါ်စန်းစန်းသိန်းတို့က နည်းပြချုပ်အဖြစ်   တာဝန်ယူကိုင်တွယ်လျက် ရှိသည်။

ထို့ပြင် ၎င်းတို့၏ လက်အောက်၌ လက်ထောက်နည်းပြ၊   ကြံ့ခိုင်ရေးနည်းပြနှင့် ဂိုးနည်းပြအဖွဲ့ဝင်   အနည်းဆုံးသုံးဦးမှ ငါးဦးအထိ   တာဝန်ပေးထားကြောင်း သိရသည်။                        

ကိုရဲ