လက်ရွေးစင်အသင်းမှရရှိသည့် ဝင်ငွေများနှင့်ပတ်သက်ပြီး အင်္ဂလန်အသင်းကစားသမားများကို ဗြိတိန် အခွန်ဌာနက စစ်ဆေးမှုများပြုလုပ်မည်

လန်ဒန်၊ အားကစား

ဗြိတိန်အခွန်ဌာနက အင်္ဂလန်လက်ရွေးစင်အသင်းမှ ကစားသမားများကို လက်ရွေးစင်အသင်းမှရရှိသည့် ဝင်ငွေများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အင်္ဂလန်အသင်းမှ ကစားသမားများသည် ပုံရိပ်အသုံးပြုခွင့်အတွက် တစ်ဦးလျှင်  စတာလင် ပေါင် တစ်သိန်းစီရရှိနေပြီး အဆိုပါရရှိသောဝင်ငွေ များအတွက် အခွန်ဆောင်ခြင်းကင်းလွတ်နေသဖြင့် ဗြိတိန် အခွန်ဌာနက  စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းမှ ကစားသမားတိုင်းသည် လက်ရွေးစင်အသင်းမှရရှိသည့်ပွဲကစားကြေးများကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းကြသော်လည်း ပုံရိပ်အသုံးပြုခွင့်နှင့် တခြားကွင်းပြင်ပမှရရှိသည့် ဝင်ငွေများကို   ပုဂ္ဂလိကကုမ္ပဏီများထံ ထည့်ဝင် ထားပြီး အခွန်ကင်းလွတ်ခွင့်ရရှိနေခြင်း ဖြစ်သည်။

 အင်္ဂလန်အသင်းမှ နည်းပြအဖွဲ့ဝင်များနှင့်ကစား သမားများ၏ ရှေ့နေအဖွဲ့များသည် ဗြိတိန်အခွန်ဌာနက  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် ပြီးခဲ့သည့်လအတွင်းက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)နှင့်တွေ့ဆုံကာ  ညှိနှိုင်းဆွေးနွေးထားပြီး ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ဗြိတိန်အခွန်ဌာနက အင်္ဂလန်လက်ရွေးစင်အသင်း ကစားသမားများ အခွန်ဆောင်ထားခြင်းမရှိပါက ဝင်ငွေ ခွန်များဖြတ်တောက်ဖွယ်ရှိကြောင်း သိရသည်။

Ref;ESPN