လမ်းမတော်မြို့နယ်၌ လူသတ်မှုဖြစ်ပွားခဲ့မှုအား ဖော်ထုတ်ဖမ်းဆီးရမိမှု

လမ်းမတော်မြို့နယ်၌ လူသတ်မှုဖြစ်ပွားခဲ့မှုအား ဖော်ထုတ်ဖမ်းဆီးရမိမှု

နေပြည်တော်၊ မတ်လ  ၉  ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ရွာသစ်ချောင်းလမ်းဘေးတွင် ပါးစပ်၊ လက်နှင့် ခြေတို့တွင် တိပ်များဖြင့် ပတ်လျက်သေဆုံးနေသော အမည်မသိ အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် လမ်းမတော်မြို့မရဲစခန်းတွင် (ပ)၃၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။    
    
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းရာတွင် သေဆုံးသူမှာ ဦးသိန်းဟန်၊ (၆၅)နှစ်၊ (ဘ) ဦးစံတင့်၊ (၁၄)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကလာမြို့နယ်နေထိုင်သူ ဖြစ်ကြောင်း သိရှိရပါသည်။ ဦးသိန်းဟန် သေဆုံးမှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းရာတွင် သေဆုံးသူမှာ ရွှေတိဂုံဘုရား ရင်ပြင်တော် သန့်ရှင်းရေးဌာန၊ ကြီးကြပ်ရေးမှူး(နေ့ဆိုင်း) ဖြစ်ပြီး မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ညနေ ၃ နာရီအချိန်၌ နေအိမ်သို့ ပြန်သွားကြောင်း သိရှိရသဖြင့် CCTV ကင်မရာမှတ်တမ်းများအား  ကြည့်ရှုစစ်ဆေးရာ ယင်းနေ့ နေ့လည် ၃ နာရီ ၁၂ မိနစ်အချိန်တွင် အရှေ့ဘက်စောင်းတန်းမှ ထွက်လာပြီး ဘုရားလမ်းအား ဖြတ်ကူး၍ ဘလောက်တုံးဖြင့် ကာရံထားသည့် သံပန်း တံတိုင်းအားခွကျော်ကာ ကားစီးရန် စောင့်ဆိုင်းနေကြောင်း တွေ့ရှိရပြီး ၃ နာရီ ၂၆ မိနစ် အချိန်ခန့်တွင် YGN 5G/ 6965 Honda Civic ခဲရောင်ယာဉ်ဖြင့် လိုက်ပါသွားကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ မသင်္ကာဖွယ်ယာဉ်အား ဆက်လက်စုံစမ်းရာ သာကေတ မြို့နယ်၊ ရှုခင်းသာလမ်းမှ သန်လျင်တံတားအား ကျော်ဖြစ်ကာ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ် ကျေးရွာ၊ အမှတ်(၁၂)နယ်မြေအတွင်း ရောက်ရှိနေကြောင်း သိရှိရသဖြင့် မတ်လ ၈ ရက် ည ၇ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ ယာဉ်နှင့်အတူ ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ အား ဖမ်းဆီးရမိခဲ့ပါသည်။ 
    
ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ အား ဆက်လက်စစ်ဆေးရာ ၎င်းသည် မတ်လ ၆ ရက် နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် ရဲကို (ပုဇွန်တောင်မြို့နယ်နေသူ)နှင့် သွားကျိုး(အမည်ရင်းမသိ) တို့နှင့်အတူ Honda Civic ခဲရောင်ယာဉ်ဖြင့် လုယက်မှု ကျူးလွန်ရန်အတွက် ကျောက်တံတား၊ လမ်းမတော် နှင့် ဒဂုံမြို့နယ်အတွင်း လှည့်ပတ် သွားလာခဲ့ကြောင်း၊ ထိုသို့ လှည့်ပတ်နေစဉ် ရွှေတိဂုံဘုရားလမ်း၊ ဗဟန်း ၃ လမ်း၊ ကားမှတ်တိုင်တွင် အသက်(၆၀) ခန့် အမျိုးသားတစ်ဦးအား တွေ့ရှိ၍ မေးမြန်းရာ ရွှေပေါက္ကံ မြို့သစ် (၁၄)ဂိတ်ကို ပြန်မည့်အကြောင်းပြောသဖြင့် ၎င်းတို့နှင့် လမ်းကြုံကြောင်း၊ အောက်ဆိုဒ်ကားဖြစ်၍ ငွေ ၁၀၀၀ ကျပ်ဖြင့် လိုက်ပါနိုင်ကြောင်း ပြောဆိုကာ ခေါ်ဆောင် မောင်းနှင်ခဲ့ရာ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံ မှတ်တိုင်အကျော်တွင် ရဲကိုမှ ၎င်းအမျိုးသားအား အသင့်ပါလာသော စတီးဓါးဖြင့် ထောက်ပြီး သွားကျိုးမှ ချုပ်နှောင်ပေးစဉ် ရဲကိုမှ တိပ်ဖြင့်လက်အား ပတ်၍ ချည်နှောင်ခဲ့ကြောင်း၊ ၎င်းနောက် ကားနောက်ခန်းသို့ ဆွဲယူပြီး ခြေထောက်နှင့်ပါးစပ်တို့အား တိပ်ဖြင့်ပတ် ကြိုးဖြင့်ချည်၍ သံတုတ်ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ခြေထောက်တို့အား ရိုက်နှက်ကာ ၎င်းအမျိုးသား သေဆုံးသွားသည့်အချိန်တွင် ဝတ်ဆင်လာသည့် ကျောက်ဖြူ/ နီ ပါ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေဘောက်ချာ ၁ ရွက်၊ Oppo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း ၁ လုံး၊ စတီးရောင် နာရီ ၁ လုံး၊ ငွေစက္ကူရောရာ ၃ သောင်းကျပ်အား လုယူခဲ့ပြီး မော်တင်ယာယီဈေးရပ်ကွက်၊ ရွာသစ်ချောင်းလမ်းဘေး တွဲကားများရပ်ထားသည့် နေရာအရောက်တွင် လုယက်ခံရသူ အမျိုးသားအလောင်းအား ကားပေါ်မှ ဆွဲချထားခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။  
    
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ အား အမှုနှင့် ဆက်လက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော တစ်ပတ်ခန့်က ရဲကို၊ သွားကျိုး၊ ကုလားလေး(ခ) ဗိုလ်ချုပ် တို့နှင့်အတူ Honda Civic ခဲရောင်ယာဉ်ဖြင့် သန်လျင်မြို့ရှိ နေအိမ်သို့ ပြန်လာစဉ် မဟာဗန္ဓုလတံတားအဆင်း ကားမှတ်တိုင်တွင် အသက် (၄၅)နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦးအား ငွေ ၁၀၀၀ ကျပ်ဖြင့် ကားကြုံလိုက်ပါနိုင်ကြောင်း လိမ်လည်ခေါ်ဆောင်ကာ အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ငွေစက္ကူရောရာ ၆၀၀၀ ကျပ်၊ အလှဖန်စီပစ္စည်း များနှင့် ကွမ်းယာပစ္စည်းများထည့်ထားသည့် ဆွဲခြင်းတို့အား ဓါးထောက်လုယက်ကာ လူရှင်း သည့်နေရာ အရောက်တွင် ရိုက်ပုတ်၍ ကားပေါ်မှ တွန်းချခဲ့ကြောင်း။
    
အလားတူ ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ သည် ရဲကို၊ သွားကျိုး၊ ကုလားလေး(ခ) ဗိုလ်ချုပ် တို့နှင့်အတူ လွန်ခဲ့သော ဖေဖေါ်ဝါရီလအတွင်း နေ့ရက်မမှတ်မိ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အဆိုပါယာဉ်ဖြင့် လုယက်မှုကျူးလွန်ရန် ဆူးလေမှ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ထွက်ခွာခဲ့ရာ မြန်မာပလာဇာအရှေ့ ကားမှတ်တိုင်တွင် ကားစောင့် နေသည့် အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ငွေ ၁၀၀၀ ကျပ်ဖြင့် ကားကြုံ လိုက်ပါနိုင်ကြောင်း လိမ်လည်ခေါ်ဆောင်ကာ ၎င်းအမျိုးသားထံမှ သုံးဆင့်စတီးဂျိုင့် ၁ လုံး၊ အမျိုးအစား အရောင်မသိ လက်ကိုင်ဖုန်း ၁ လုံး၊ ကျောပိုးအိတ်အမဲရောင် ၁ လုံး၊ ငွေစက္ကူ ရောရာ ၃၀၀၀၀ ကျပ်တို့အား ဓါးထောက်လုယက်ကာ လူရှင်းသည့်နေရာ အရောက်တွင် ရိုက်ပုတ်၍ ကားပေါ်မှ တွန်းချခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
    
၎င်းအပြင် ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ သည် ဘုရင့်နောင်နယ်မြေ ရဲစခန်း (ပ)၃၇၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ကျင့် ၅၄ ဖြင့်လည်းကောင်း၊ လမ်းမတော်မြို့မရဲစခန်း (ပ)၂၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ကျင့် ၅၄ ဖြင့် လည်းကောင်း၊ လသာမြို့မရဲစခန်း(ပ)၃၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ ကျင့် ၅၄ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခံခဲ့ရပြီး ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။
    
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသူ တရားခံ ဆန်းထိုက်အောင်(ခ) ထိုက်ကြီး(ခ) သံဘိ အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး  ကျန်တရားခံ ပြေးများဖြစ်သည့် ရဲကို နှင့် သွားကျိုး တို့အား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။