လာမည့် မတ်ပဲစိုက်ရာသီတွင် ပိုမိုစိုက်ပျိုးနိုင်ရေး မျိုးများ စတင်ဝယ်ယူ

လာမည့် မတ်ပဲစိုက်ရာသီတွင် ပိုမိုစိုက်ပျိုးနိုင်ရေး မျိုးများ စတင်ဝယ်ယူ

လာမည့် မတ်ပဲစိုက်ရာသီတွင် ပိုမိုစိုက်ပျိုးနိုင်ရေး အတွက် မတ်ပဲစိုက် တောင်သူများအနေဖြင့် မျိုးများ စတင်ဝယ်ယူနေပြီ ဖြစ်ကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ   မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ မတ်ပဲ ဝယ်လိုအား များပြားနေသောကြောင့် ဈေးနှုန်း မြင့်တက်နေသည့်အတွက် တောင်သူများ အကျိုးရှိနိုင်သဖြင့် လာမည့် မတ်ပဲစိုက် ရာသီတွင်  ပိုမိုစိုက်ပျိုးနိုင်ရန်  မျိုးများ စတင်ဝယ်ယူနေကြခြင်းဖြစ်သည်။

''မတ်ပဲကို ဧရာဝတီတိုင်းဒေသကြီးမှာလည်း စိုက်ကြတယ်။ မတ်ပဲဈေးတွေ တက်နေတော့ တောင်သူတွေ အနေနဲ့ လာမယ့် ရာသီမှာ ပိုပြီးစိုက်နိုင်ဖို့ အခုကတည်းကမျိုးတွေစဝယ်နေကြပါပြီ။ စိုက်တာကတော့ မိုးအကုန်လောက်မှ  စိုက်ကြမှာပါ''  ဟု ဦးမျိုးဆွေ ကပြောသည်။

လတ်တလောတွင် မတ်ပဲတစ်တင်းလျှင် ငွေကျပ် ၅ဝဝဝဝ ခန့်နှင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅ဝဝဝဝ ခန့်အထိ ဈေးနှုန်းရှိကြောင်း၊ မျိုးစေ့ထည့်သွင်းရမည့် နှုန်းထားမှာ မျိုးပေါ်မူတည်၍ တစ်ဧကလျှင် ခြောက်ပြည်မှ ရှစ်ပြည်နှုန်း သုံးစွဲရလေ့ရှိကြောင်း သိရသည်။

မတ်ပဲမျိုးစေ့များကို ကြဲပက်ခြင်း စနစ်ဖြင့် စိုက်ပျိုးနိုင်သော်လည်း မျိုးစေ့များကို အတန်းလိုက်စနစ်ဖြင့်  စိုက်ပျိုးပါက ပိုမိုသင့်လျော်ကြောင်း၊ အတန်းလိုက် စိုက်ပျိုး ပါက အတန်းများကြားတွင် ၁၂ လက်မမှ ၁၈ လက်မခြားထားရမည်ဖြစ်ပြီး မြေအနက်၁ လက်မခန့်မှ ၁ လက်မခွဲခန့်အတွင်း မျိုးစေ့စိုက်ပျိုး ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကြဲပက်စနစ်တွင် မျိုးစေ့များကို စိုက်ခင်းထဲသို့ လက်ဆညီညီဖြင့် ကြဲပက် စိုက်ပျိုးရကြောင်း သိရသည်။