လီဗာပူးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ဝင်နယ်ဒမ်ကို  သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီအသင်း သဘောတူညီမှုရရှိ

လီဗာပူးအသင်းမှ အလွတ်ပြောင်းရွှေ့ခွင့် ရရှိထားသည့် ကွင်းလယ်ကစားသမား ဝင်နယ်ဒမ်ကို ပီအက်စ်ဂျီအသင်းက သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ဝင်နယ်ဒမ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ကစားသမား ကိုယ်တိုင်က ငြင်းဆိုခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် ဘာစီလိုနာအသင်းက ဝင်နယ်ဒမ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်  ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြီးသတ်စာချုပ် ချုပ်ဆိုရခြင်း မရှိသေးချိန်တွင်  ပီအက်စ်ဂျီအသင်းက  ကြားဖြတ်ကမ်းလှမ်းပြီး သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းက ဝင်နယ်ဒမ်ကို ဘာစီလိုနာ အသင်းကမ်းလှမ်းသည့် လုပ်ခလစာထက် နှစ်ဆပေး၍ ကမ်းလှမ်းခဲ့သကဲ့သို့ သုံးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည့်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု   ပြင်သစ်အခြေစိုက် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ဝင်နယ်ဒမ်သည် လက်ရှိတွင် ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နယ်သာလန် အသင်းနှင့် ပူးပေါင်း လေ့ကျင့်နေသည့်အတွက်   ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ကို အပြီးသတ်လက်မှတ် မရေးထိုးရသေးသော်လည်း  ယူရို  ၂ဝ၂ဝ  ပြိုင်ပွဲပြီးဆုံးလျှင်  ပီအက်စ်ဂျီ အသင်းနှင့် သွားရောက်ပူးပေါင်းပြီး    အပြီးသတ် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။