လီဗာပူးအသင်းအန်ဖီးလ် အားကစားကွင်းကို အင်္ဂလန်နိုင်ငံရှိ ကလပ်အသင်းများ၌ တတိယမြောက် အကြီးဆုံးကွင်းဖြစ်အောင် တိုးချဲ့ တည်ဆောက်မည်ဟု ကြေညာ

လီဗာပူးအသင်းအန်ဖီးလ် အားကစားကွင်းကို အင်္ဂလန်နိုင်ငံရှိ ကလပ်အသင်းများ၌ တတိယမြောက် အကြီးဆုံးကွင်းဖြစ်အောင် တိုးချဲ့ တည်ဆောက်မည်ဟု ကြေညာ

လီဗာပူးအသင်းက   ၎င်းတို့အသင်းအိမ်ကွင်း အန်ဖီးလ် အားကစားကွင်းကို အင်္ဂလန်နိုင်ငံရှိ ကလပ်အသင်းများ၌   တတိယမြောက် အကြီးဆုံးကွင်းဖြစ်အောင်    တိုးချဲ့တည်ဆောက်မည်ဟု   အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းသည်   အသင်းအိမ်ကွင်း တိုးချဲ့ရေး စီမံကိန်းတွင် ထိုင်ခုံအရေအတွက် ၇ဝဝဝ အထိ တိုးချဲ့ကာ ပရိသတ်ဦးရေ  ၆၁ဝဝဝ  ဆံ့နိုင်မည့် အားကစားကွင်းဖြစ်အောင် စတာလင်ပေါင် သန်း ၆ဝ အထိ အကုန်အကျခံကာ တိုးချဲ့ပြင်ဆင်မည်ဖြစ် သည်။

လီဗာပူးအသင်းက  အိမ်ကွင်း တိုးချဲ့ပြင်ဆင်ရန် အတွက်     ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက လီဗာပူးစီးတီး ကောင်စီထံ တင်ပြခဲ့ပြီးနောက် ဇွန်လ အတွင်းက   တိုးချဲ့ရန်ခွင့်ပြုမိန့် ရရှိခဲ့ပြီး  အိမ်ကွင်း တိုးချဲ့ရေး စီမံကိန်းအဖြစ် ထိုင်ခုံအရေအတွက်  တိုးချဲ့မည်ဖြစ်သည့်အပြင် အားကစားကွင်းအောက်ပိုင်းနှင့် အမြင့်ပိုင်းတို့ကို     ဦးစားပေး ပြင်ဆင်မည်ဖြစ်ကာ စီမံကိန်းကို ၂ဝ၂၄ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်သည်။

လက်ရှိတွင် အင်္ဂလန်နိုင်ငံရှိ ကလပ်အသင်းများ၌   အကြီးဆုံး အားကစားကွင်းအဖြစ်   ပရိသတ်ဦးရေ  ၇၆ဝဝဝ  ဆံ့သည့် မန်ယူအသင်း၏  အိုးထရက်ဖို့ဒ် အားကစားကွင်းက ရပ်တည်နေကာ   စပါးအသင်း၏ အိမ်ကွင်းက  ပရိသတ် ၆၂၃ဝ၃ ဦးဆံ့ပြီး ဒုတိယမြောက် အကြီးဆုံး အားကစားကွင်းအဖြစ်  ရပ်တည်နေသည်။

လက်ရှိတွင် လီဗာပူးအသင်း၏ အိမ်ကွင်းသည် ပရိသတ်ဦးရေ ၅၃၃၄၉ ဦးသာဆံ့ပြီး ဆဋ္ဌမမြောက် အကြီးဆုံးကွင်းအဖြစ် ရပ်တည်နေကာ တိုးချဲ့ပြင်ဆင် ပြီးပါက မန်ယူအသင်းနှင့် စပါးအသင်းတို့ပြီးလျှင် အင်္ဂလန်နိုင်ငံရှိ ကလပ်အသင်းများ၌ တတိယမြောက်    အကြီးဆုံးကွင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။