လူတစ်ဦးချင်းစီရဲ့ပေါ့ဆမှုကြောင့်ပဲဆိုပါရစေတော့

လူတစ်ဦးချင်းစီရဲ့ပေါ့ဆမှုကြောင့်ပဲဆိုပါရစေတော့

ဒီကနေ့ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အဆမတန်မြင့်တက်လာတာ အားလုံး အသိပါ။ အထူးသဖြင့်တော့ ကူးစက်မှုအင်မတန်မြန်ဆန်ပြီး ရောဂါဖြစ်ပွားမှု လည်းပြင်းထန်တဲ့ ဒယ်တာဗီဇပြောင်း ရောဂါပိုးကြောင့်လို့ဆိုကြပါတယ်။

အခုဆိုရင် တစ်ကမ္ဘာလုံးမှာမှ အရှေ့တောင်အာရှဒေသနိုင်ငံတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို တခြားနိုင်ငံတွေထက်ပိုပြီး အလူးအလဲခံစားနေရတယ် ဆိုတာ   တရားဝင်စာရင်းဇယားတွေ ကြည့်ရင်သိနိုင်ပါတယ်။

ဒါတောင်မှ တရားဝင်စာရင်းဇယား ထဲမှာမပါဘဲ သေဆုံးသွားသူတွေလည်း ဒုနဲ့ဒေး ရှိနေဦးမှာပါ။   ဟိုတစ်နေ့ကပဲ  အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ တရားဝင် ထုတ်ပြန်မှုထက် ၁၀ ဆ ပိုများတယ်လို့ တွေ့လိုက်ရ ပါသေးတယ်။

အရှေ့တောင်အာရှမှာဆိုရင်တော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း စတဲ့ ဒေသတွင်း စီးပွားရေးအင်အားကြီး နိုင်ငံတွေက ကူးစက်မှုနှုန်းအများဆုံးဖြစ် နေတာကို တွေ့ရမှာပါ။

အင်ဒိုနီးရှားနိုင်ငံဆိုရင် သူ့နိုင်ငံအတွင်းမှာရှိတဲ့ အောက်ဆီဂျင်ထုတ်လုပ်ရရှိနိုင် သမျှနေရာ အားလုံးကို ကျန်းမာရေးအတွက် အသုံးပြုဖို့ပြောင်းလဲလိုက်ရပါပြီ။ ဒါမှလည်း အသက်ရှူ ကျပ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ သည်တွေအနေနဲ့ အသက်ရှူချောင်မှာပါ။

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ဟိုတလောလေးကမှ ဒယ်တာဗီဇပြောင်းရောဂါပိုး ပြည်တွင်း ကူးစက်မှုရှိနေသူတွေကိုတွေ့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆိုလိုတာက ရောဂါ ကူးစက်မှုနှုန်းက ဆက်လက်မြင့်တက်လာနိုင်ခြေရှိပါတယ်။

မလေးရှားနိုင်ငံမှာတော့ ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေနဲ့ပြည့်နေပြီး ခုတင် တွေမလောက်တော့လို့ ကြမ်းပြင်မှာနေပြီး  ကုသမှုခံနေရတာတွေကိုလည်း တွေ့နေရ ပါတယ်။

ထိုင်းနိုင်ငံဆိုရင်လည်း ဇူလိုင် ၂၂ ရက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေ အတွက်က ၁၃၆၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် တစ်ရက်အတွင်းရောဂါကူးစက် ခံရသူ အရေအတွက်ဟာ တစ်နေ့တခြား တဖြည်းဖြည်းမြင့်တက်လာတာကိုလည်း တွေ့နေရ ပါတယ်။

သေဆုံးမှုနှုန်းအရ ကြည့်မယ်ဆိုရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတို့က  ထိပ်ဆုံးမှာရှိနေတာကိုလည်း တွေ့ရမှာပါ။ ပြီးခဲ့တဲ့ မေလလောက်တုန်းက သေဆုံး သူတွေကို လဟာပြင်မှာမီးတင်ရှို့ခဲ့ရတဲ့  အိန္ဒိယနိုင်ငံရဲ့ဓာတ်ပုံတွေထွက်ပေါ်လာ တာဟာ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွား စေပါတယ်။

အဲဒီအချိန်တုန်းက  အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှု က အမြင့်ဆုံးအနေနဲ့ အယောက်လေးသိန်း အထိရှိခဲ့တာပါ။ အခုတော့ အဲဒီလို အနေအထား မျိုးကို အရှေ့တောင်အာရှနိုင်ငံတွေ အထူးသဖြင့် ရောဂါကူးစက်မှုနှုန်း    မြင့်တက် နေတဲ့  အထက်ပါနိုင်ငံတွေမှာ တွေ့မြင်ရတော့ မလားဆိုပြီး စိုးရိမ်မှုတွေလည်း မြင့်တက်လာ နေပါတယ်။

အစောပိုင်းကဆိုခဲ့သလိုပဲ မလေးရှား တို့၊ အင်ဒိုနီးရှားတို့၊ ထိုင်းတို့ဆိုတာ ဒေသ တွင်းမှာတော့ စီးပွားရေးအင်အားကြီး နိုင်ငံတွေဖြစ်ပါတယ်။ စီးပွားရေးအင်အားကြီး ဖြစ်တဲ့အလျောက် သူ့နိုင်ငံအတွင်းမှာ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေကို လျှော့ချဖို့   အစိုးရ အသီးသီးအနေနဲ့ အကောင်းဆုံးလုပ်ဆောင် ကြမှာပါ။

ဒါတောင်မှပဲ သူတို့ဆီမှာကျန်းမာရေး စနစ်ပြိုလဲလုနီးပါးဖြစ်ပြီး မနိုင်မနင်းတွေ ဖြစ်တာ၊ သေဆုံးမှုတွေမြင့်မားလာတာကို မမြင်ချင်မှ အဆုံးမြင်တွေ့လာရပါတယ်။ သူတို့လောက် ဓနအင်အားမရှိတဲ့အပြင် အခြေခံအဆောက်အဦနည်းပါးတဲ့နိုင်ငံ တွေအတွက်ဆိုရင်တော့ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးမှုမြင့်တက်လာတာတွေဟာ  ဆိုဖွယ်ရာမရှိတော့ပါဘူး။

ဒီတော့ ဒေသတွင်းစီးပွားရေးအင်အား ကြီးနိုင်ငံတွေမှာတောင်မှ ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ မထိန်းချုပ်နိုင်ခြင်းဟာ ဘာကြောင့်လို့ထင်ပါသလဲ။ ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင် တွေလိုမျိုး တတ်ကျွမ်းနားလည်တဲ့သူတွေ၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတ များတဲ့သူတွေရဲ့ အကြံပေးတိုက်တွန်းမှုတွေ၊ အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာ ကြလို့ဖြစ်ပါတယ်။

တချို့ကတော့ပြောကြလေ့ရှိပါတယ်။ ငါတို့ကတော့ ထုတ်ပြန်ချက်တွေကိုလိုက်နာ ပြီး အိမ်ထဲမှာနေတာပဲ။ ဘာဖြစ်လို့ ရောဂါ ကူးစက်ခံရတာလဲဆိုပြီးတော့ပေါ့။ သူတို့ကိုတော့ ကိုယ်တိုင်က အိမ်ထဲ ကနေအိမ်အပြင်မထွက်ဘဲနေပါသော်လည်း ကျန်းမာရေး လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာခြင်းမရှိဘဲ အိမ်ကိုအဝင် အထွက်လုပ်နေသူ တွေကြောင့် ကူးစက်ခံရတာလို့သာပြောချင်ပါတယ်။

ကူးစက်ရောဂါဆိုတာ လူတိုင်းကို မကူးပါဘူး။ ပေါ့ပေါ့ဆဆနေတဲ့သူတွေ ကိုတော့ ကူးပါတယ်။ ပေါ့ပေါ့ဆဆမနေဘဲ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ နေမယ်ဆိုရင် ကူးစက်နိုင်ခြေအင်မတန် နည်းပါတယ်။ ကူးစက်ရောဂါကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နိုင် ပါတယ်။ အထိရောက်ဆုံး ကာကွယ်နည်းတစ်ခုကတော့ ကာကွယ်ဆေး ထိုးခြင်းပါ။

ဒီအချိန်မှာ ကာကွယ်ဆေးရရှိနိုင်မှုက အကန့်အသတ်နဲ့သာရှိနေသေးတဲ့အတွက် အစိုးရအသီးသီးကလည်း ကိုယ့်နိုင်ငံအတွက် ကာကွယ်ဆေးတွေ အမြန်ဆုံးရရှိ နိုင်အောင် အစွမ်းကုန်ကြိုးစားကြသူတွေချည်းပါပဲ။

ဒါပေမဲ့လည်း ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရှိဆုံးသော  သူဌေးနိုင်ငံ တွေကိုတော့ ယှဉ်လို့ဘယ်ရပါ့မလဲ။ သူတို့က ငွေနဲ့သြဇာသုံးပြီး ကာကွယ်ဆေးအများစုကို ချက်ချင်း ဆိုသလို သိမ်းပိုက်သွားကြတာပဲလေ။ ဒါကြောင့် လက်ရှိအချိန်မှာဝယ်ယူရရှိ နိုင်တဲ့ ကာကွယ်ဆေးတွေကို အစိုးရအသီးသီးက သတ်မှတ်ချက်အလိုက်ခွဲပြီး ထိုးပေးနေပါတယ်။ ကာကွယ်ဆေးထိုးကြအောင်လည်း စည်းရုံးလှုံ့ဆော်မှုတွေလုပ်နေပါတယ်။

သို့သော် တချို့က ကာကွယ်ဆေး ထိုးရင်ဘာဖြစ်လိမ့်မယ်၊ ညာဖြစ်လိမ့်မယ် ဆိုတဲ့ အခြေအမြစ်မရှိ ကောလာဟလတွေကြောင့် ကိုယ်တိုင်ကာကွယ်ဆေးထိုးခွင့် ကြုံပါ လျက်နဲ့ ကာကွယ်ဆေးမထိုးလိုက်တဲ့ သူတွေလည်းရှိပါတယ်။ တကယ်တော့ ကောလာ ဟလ လွှင့်တဲ့ သူတွေဟာ တစ်ဖက်လှည့်နဲ့လူသေစေမှုကို ကျူးလွန်နေကြသူတွေပါ။    အထူးသဖြင့်  သတင်းအမှားဆိုရင် ချက်ချင်းပျံ့နှံ့လွယ်တဲ့  အွန်လိုင်းပေါ်မှာပေါ့။   သူတို့သတ်လို့ သေသွားရသူတွေကတော့ အသိဉာဏ်ပညာ နည်းပါးသူတွေပါ။

ကာကွယ်ဆေးကိုလည်းမမျှော်ကိုးဘူး။  ကိုဗစ်-၁၉ ရောဂါလည်း ကူးစက်မခံချင်ဘူး ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာသာ အကောင်းဆုံးဖြစ်ပါတယ်။ ရောဂါ မကူးစက်အောင်   ကိုယ့်ကိုယ်ကိုယ်   ဘယ်လိုကာကွယ်ရမယ်ဆိုတာ  ကျန်းမာရေး ပညာရှင်တွေနဲ့    အစိုးရအသီးသီးက ထုတ်ပြန်ပေးနေပါတယ်။

ဥပမာ အခြေခံအကျဆုံးဖြစ်တဲ့ အတတ်နိုင်ဆုံး အိမ်အပြင်မထွက်တာမျိုး၊  အိမ်အပြင် ထွက်ရမယ် ဆိုရင်လည်း နှာခေါင်း စည်းကိုစနစ်တကျ တပ်တာမျိုး၊     ကိုယ်ရောက်တဲ့ နေရာမှာ   လက်ဆေးတာမျိုး၊  တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာမျိုး၊ အပြင်ကနေ ပြန်လာပြီဆိုရင်လည်း ကိုယ့်မှာကပ်ပါလာတဲ့  ရောဂါပိုးမွှားတွေ အိမ်ထဲမှာ မပြန့်အောင်လုပ်ပြီးမှ စနစ်တကျ ဝင်တာမျိုးတွေကို လုပ်သင့်ပါတယ်။

ဒီလိုမျိုးနည်းလမ်းတွေကို အမှန်တကယ် သာလိုက်နာနိုင်ရင် ရောဂါကူးစက်နိုင်ခြေက ဟိုးအောက်ဆုံးကိုကျဆင်းသွားမှာပါ။ အခုလူတွေက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ အစိုးရရဲ့ထုတ်ပြန်ချက်တွေကိုတော့ တိတိကျကျ လိုက်နာခြင်း မရှိပါဘဲ တကယ်တမ်း ရောဂါကူးစက်ခံရတော့မှ သက်ဆိုင်ရာကို အပြစ်ဖို့ ကြတော့တာပါပဲ။ ဒီလိုကိစ္စဆိုတာ ကလည်း နိုင်ငံတိုင်းလိုလိုမှာဖြစ်နေကြပါ။

ရွာသူကြီးတစ်ယောက်က သူ့ရွာသားတွေကို တစ်အိမ်ကို နွားနို့တစ်ပုလင်းနှုန်းနဲ့  သူ့အိမ်ရှေ့မှာရှိတဲ့ ရာဝင်အိုးကြီးထဲ ထည့်ခိုင်းတဲ့ ပုံပြင်လေးတစ်ပုဒ်လိုပေါ့။ ရွာသားတွေ ကလည်း   သူများတွေ ကတော့ နွားနို့တွေထည့်မှာဖြစ်တဲ့အတွက်  ငါ့ဆီကနွားနို့အစား  ရေတစ်ပုလင်းက ဘာမှမသိသာပါဘူး ဆိုပြီးထည့်လိုက်တာ နောက်ဆုံးတော့   ရာဝင်အိုး တစ်အိုးလုံး  နွားနို့တစ်စက်မှမရှိဘဲ   ရေတွေနဲ့သာ ပြည့်သွားသလိုပါပဲ။

တခြားသူတွေကတော့ နှာခေါင်းစည်း တပ်ကြမှာပါ။ ငါတစ်ယောက်တည်း နှာခေါင်းစည်း မတပ်ရုံနဲ့   ရောဂါမကူး လောက်ပါဘူးဆိုတဲ့အတွေးနဲ့  လူတိုင်း ကိုယ်စီက ကျန်းမာရေး အခြေခံလမ်းညွှန် ချက်တွေကို မလိုက်နာတော့ လူအစုလိုက် အပြုံလိုက်ရောဂါ ကူးစက်ခံရပြီး နောက်ဆက် တွဲဆိုးကျိုးအနေနဲ့ သေဆုံးမှုတွေများလာရ တာပါပဲ။

ဒါကြောင့် အခုလိုမျိုးဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြီးက ဘယ်သူ့ကြောင့်မှ ဆိုးဝါး လာတာ မဟုတ်ပါဘူး။ စည်းကမ်း မလိုက်နာတဲ့လူတွေကြောင့်  တစ်နည်း အားဖြင့် ငါကတော့ ရောဂါမဖြစ်ပါဘူးကွာ ဆိုတဲ့ လူတစ်ဦးချင်းစီရဲ့ ပေါ့ဆမှုကြောင့်လို့သာ ဆိုချင်ပါတယ်။

အခုလိုအခြေအနေကြီး   အမြန်ဆုံး  ပြီးဆုံးသွားတာကို လူတိုင်းလိုချင်ကြမှာအမှန်ပါပဲ။ ဒါဆိုရင်တော့ လုပ်စရာတစ်ခု  တည်းရှိပါတယ်။ကျန်းမာရေးတာဝန်ရှိသူ တွေရဲ့ ထုတ်ပြန်ချက် တွေကို  လိုက်နာပါ။  အခြေခံကျန်းမာရေးလမ်းညွှန်ချက်တွေကို  လက်တွေ့ လုပ်ဆောင်ပါ။

ကမ္ဘာကြီးမှာ ကပ်ရောဂါကင်းစင်သွား မယ့်အချိန်က လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိတဲ့ အချိန်ဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးခြင်းနဲ့ ရောဂါကူးစက်ခံရခြင်းဆိုတဲ့ နည်းလမ်း နှစ်မျိုးတည်းနဲ့သာ ဒီလိုကိုယ်ခံ အားကိုရရှိနိုင်ပါတယ်။

ဒီအတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီနေရာကနေအကြံပြုတိုက်တွန်းလိုတာက ကာကွယ်ဆေး ထိုးပြီးတော့သာ ကိုယ်ခံ အားရရှိပါစေ။ အခန့်မသင့်ရင်သေဆုံးသွား နိုင်တဲ့ ရောဂါကူးစက်ခံရတဲ့နည်းနဲ့တော့ ကိုယ်ခံအားကိုမယူကြပါနဲ့။ လူတစ်ဦးချင်းစီ ကလည်း မပေါ့ဆကြပါနဲ့လို့သာ။   ။