လူမှုကွန်ယက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြည်မိစေရန် မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန် ၁၈

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့အစည်းများ၊ အစွန်းရောက် NLD ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများက လူမှုကွန်ယက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများ လုပ်ကြံဖန်တီး၍ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှု များပြုလုပ်လျက်ရှိပြီး ၎င်းတို့ကိုယ်တိုင် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခြင်းနှင့် အခြားသူများ ကျူးလွန်ရန် ထပ်ဆင့်လှုံ့ဆော်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

ထို့အပြင် သတင်းမီဒီယာကျင့်ဝတ်နှင့်မညီသဖြင့် အစိုးရက အရေးယူပိတ်ပင် ထားသော သတင်းမီဒီယာများသည် ပြည်ပနိုင်ငံများတွင် အခြေစိုက်ပြီး ပြည်တွင်း၌ ဖြစ်စဉ်တစ်ခုဖြစ်သည်နှင့် အတည်ပြုခြင်းမရှိဘဲ ပြည်သူလူထု စိုးရိမ်ထိတ်လန့်စေရန် သတင်းမှားများကို ပုံကြီးချဲ့လုပ်ကြံဖန်တီး၍ ဖြန့်ဝေလျက်ရှိပါသည်။ ထိုသတင်းမှား များကို အချို့ပြည်ပ အသံလွှင့်ဌာနများက ထပ်ဆင့်ဖြန့်ဝေလျက်ရှိသောကြောင့် အချို့ သောသံတမန် အသိုင်းအဝိုင်းများကလည်း ထိုသို့သတင်းမှားများကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများထံမှ သတင်းအတည်ပြုချက် ရယူခြင်းမရှိဘဲ တစ်ဖက်သတ် ကြေညာချက်များ ထုတ်ပြန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

လူမှုကွန်ယက်ပေါ်တွင်ဖြစ်ပေါ်နေသော သတင်းတု၊ သတင်းမှားများအနက် ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းအမှားများ ဖြစ်ပေါ်ခဲ့ပါသည်။ ဖြစ်စဉ်အမှန်မှာ ကင်းမကျေးရွာရှိ NLD ပါတီထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သူများသည် ကင်းမကျေးရွာရှိ အကြမ်း ဖက်မှုကို မထောက်ခံသောဦးကျော်ဌေးအား ဒလန်ဟု စွပ်စွဲပြီး ဦးကျော်ဌေး၏ နေအိမ်အား မီးရှို့ခဲ့ကြရာ အခြားနေအိမ်များသို့ မီးကူးစက်ရာမှတစ်ဆင့် ကျေးရွာရှိ လူနေအိမ် ၁၀၀ လုံးခန့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ကာ မီးလောင်မှုကြောင့် ပိတ်မိနေသော အသက် ၈၃ နှစ်အရွယ်ရှိ ဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်ရှိ ဒေါ်ထွားစိန် တို့အား တွေ့ရှိကယ်ထုတ်ခဲ့ကာ မီးလွတ်ရာ ဘုန်းကြီးကျောင်းပေါ်သို့ ကူညီပို့ဆောင် ပေးခဲ့ပါသည်။

၎င်းဖြစ်စဉ်တွင် ဦးကျော်ဌေး၏နေအိမ်အား မီးရှို့ခဲ့သည့် အကြမ်းဖက်သမားများ သည် ၎င်းတို့၏အပြစ်ကို ဖုံးကွယ်လိုသဖြင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ် မမှန် သတင်းအချက်အလက်များအား Myanmar Now သတင်းဌာနသို့ ပေးပို့ခဲ့ရာ ၎င်းသတင်းဌာနအနေဖြင့်လည်း အချက်အလက်များအား မှန်ကန်မှု ရှိ/မရှိ သတင်း မီဒီယာကျင့်ဝတ်နှင့်အညီ စိစစ်ခြင်းမရှိဘဲ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အချို့သော အကြမ်းဖက်အားပေးသူများသည် လူမှုကွန်ယက် ပေါ်တွင် ထိုဖြစ်စဉ်အား Tiktok ပေါ်တွင် တင်ထားသည့် အခြားနိုင်ငံတစ်ခု၌ ဖြစ်ပွား ခဲ့သော မီးလောင်မှုဖြစ်စဉ် ဗီဒီယိုဖိုင်တစ်ခုနှင့် တွဲဖက်၍ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ လုပ်ကြံဖန်တီးသောသတင်းများကို ဖတ်ရှုရသော သာမန်ပြည်သူလူထု အကြားတွင် အမုန်းတရားများ၊ အကြောက်တရားများ ပွားများလာကာ ထိုမှတစ်ဆင့် နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်၊ ပြည်သူများ စိတ်မလုံမခြုံ ခံစားလာရစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အေးချမ်းစွာနေလိုသော ပြည်သူ လူထုအနေဖြင့် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် ထိုသို့သတင်းတု၊ သတင်းမှားများအား မယုံကြည်မိစေရန်နှင့် လုပ်ကြံဖန်တီးသော သတင်းများအား ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်သွားကြရန် အသိပေး ထုတ်ပြန်အပ်ပါသည်။