လေကြောင်းဖြင့် ခရီးသွားလာသူများအား COVID-19 ရောဂါရှိ မရှိစစ်ဆေးရန် ပုဂ္ဂလိကဆေးရုံဖြစ်သည့် ပန်းလှိုင်ဆေးရုံနှင့် N Health Myanmar ဓာတ်ခွဲခန်းတို့ကို ခွင့်ပြုပေး

လေကြောင်းဖြင့် ခရီးသွားလာသူများအား COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးရန် ပုဂ္ဂလိကဆေးရုံဖြစ်သည့် ပန်းလှိုင်ဆေးရုံနှင့် N  Health Myanmar ဓာတ်ခွဲခန်းတို့ကို ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

ခွင့်ပြုပေးထားသော ပုဂ္ဂလိက ဆေးရုံနှင့် ဓာတ်ခွဲခန်းများ အပါအဝင်  တခြားပုဂ္ဂလိက ဆေးရုံများ  အဆင်သင့်ဖြစ်ပါက လေကြောင်းဖြင့် ခရီးသွားလာသူများအား COVID-19 ရောဂါစစ်ဆေးပေးခြင်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် ဆေးရုံများက စစ်ဆေးမှု ရပ်တန့်မည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့    လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  COVID-19 ရောဂါရှာဖွေ ကုသခြင်းနှင့် ပတ်သက်၍   ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အသစ်ထပ်မံ လျှောက်ထားသည့် ပုဂ္ဂလိက ဆေးရုံနှစ်ရုံရှိကြောင်း၊ ခွင့်ပြုထားသည့် ဆေးရုံနှင့် ဓာတ်ခွဲခန်း အနေဖြင့် COVID-19 ရောဂါကို   RDT  Test  Kit ဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။

''လေကြောင်းနဲ့ ခရီးသွားလာသူတွေ အဆင်ပြေစွာ   ရောဂါစစ်ဆေးပေးနိုင်ဖို့ ပုဂ္ဂလိက ကဏ္ဍကိုပါ    ခွင့်ပြုပေးနေတာပါ။ နောက်ပိုင်းမှာ လျှောက်ထားလာတဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း သတ်မှတ် ချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် စစ်ဆေးခွင့်ပြုမှာပါ။ အသစ်လျှောက်ထားတဲ့ ဆေးရုံတွေကိုလည်း ကျန်းမာရေး ဦးစီးဌာနက စံသတ်မှတ်ချက်တွေကို  စစ်ဆေးနေတယ်'' ဟု ဒေါက်တာထွန်းမြင့် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လေကြောင်းဖြင့် ခရီးသွားလာသူများအား စစ်ဆေးနိုင်ရန် ဆူးလေဘုရားလမ်းရှိ N  Health  Myanmar ၊ အောင်မင်္ဂလာအဝေးပြေး  ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရဆေးခန်းနှင့် လှိုင်သာယာမြို့နယ်ရှိ  ပန်းလှိုင်ဆေးရုံတို့၌ COVID-19 ရောဂါရှိ၊  မရှိစစ်ဆေးရန်   ခွင့်ပြုပေးထားကြောင်း သိရသည်။