လွတ်လပ်ရေးကြီး အဓွန့်ရှည်ကြာတည်တံ့ပါစေ

 

ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာရပုံကို ပြန်ပြောင်းကြည့်ပါလျှင် ရဟန်းရှင်လူပြည်သူပြည်သား အပေါင်းတို့၏ အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ရသည်။ ရေတွက်၍မဆုံးနိုင်သော လူသားတို့၏ အသက်များ၊ ပစ္စည်းဥစ္စာများဆုံးရှုံး ရသည်မှာလည်း တန်ဖိုးအားဖြင့် မခန့်မှန်းနိုင်ပါ။ အင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်မှစတင်၍ မြန်မာပြည်ကို ဝါးမျိုလာခဲ့ရာ ၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံးဆုံးရှုံးသွားခဲ့သည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲနှင့် ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲများဖြစ်ပွားပြီးသွားသော်လည်း သူ့ကျွန်မခံလိုသောမြန်မာတိုင်းရင်းသား တို့၏ လက်နက်ကိုင်တော်လှန်ရေးများကား နေရာအနှံ့အပြားပေါ်ပေါက်ခဲ့သည်။ လက်နက်အင်အား၊ လူအင်အားကွာခြားလွန်းလို့သာ မြန်မာတို့ရှုံးနိမ့်ရခြင်းဖြစ်သည်။ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသော တပ်မတော်တစ်ရပ်မရှိခဲ့သည်မှာလည်း စစ်ရှုံးရခြင်း၏ အခြေခံအကြောင်းရပ်တစ်ခုဖြစ်ခဲ့လေသည်။

နှစ်ပေါင်း ၁၂၃ နှစ်ကျော် သူ့ကျွန်ဖြစ်နေရသော မြန်မာပြည်ကို သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က တပ်မတော်ဖွဲ့ကာတိုက်ပွဲဝင်ခဲ့ကြသည်။ လွယ်လွယ်ကူကူတော့မဟုတ်ပါ။ အင်္ဂလိပ်ကို တိုက်ထုတ်သည်။ အင်္ဂလိပ်ထက်ဆိုးလွန်းသော ဖက်ဆစ်အုပ်ချုပ်ရေးကို တော်လှန်ရသည်။  တစ်ဖန် အင်္ဂလိပ်တို့ပြန်ဝင်လာကြပြန်သည်။ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် တစ်နှစ်အတွင်း လွတ်လပ်ရေးရစေမည်ဟု ပြည်သူကိုကတိပေးခဲ့သည့်အတိုင်း  စွမ်းစွမ်းတမံ ဆောင်ရွက်သည်။ နယ်ချဲ့တို့သွေးခွဲထားသော တောင်တန်းဒေသများကိုလည်း လွတ်လပ်ရေးအတူတကွ ရယူရေး စည်းရုံးလုပ်ဆောင်ရသည်။ လှေလှော်ရင်း တက်ကျိုးသည့်ပမာ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်လုပ်ကြံခံလိုက်ရသည်။

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းကြိုးစားခဲ့သော လွတ်လပ်ရေးကို သခင်နုဦးဆောင်ကာ ရယူပေးနိုင်ခဲ့ သည်။ ထိုနေ့သည်ကား ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ဖြစ်သည်။ ထိုနေ့က မြန်မာတစ်နိုင်ငံလုံး ပျော်မဆုံး မော်မဆုံးဖြစ်ရသောနေ့ဖြစ်သည်။ နံနက် ၄ နာရီ မိနစ် ၂၀ တိတိအချိန်တွင် အင်္ဂလိပ်တို့၏ ယူနီယံဂျက်အလံကို ချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံတော်ကြီးကို တိုင်ထိပ်သို့လွှင့်တင် လိုက်သည်။ နံနက် ၄ နာရီ ၄၅ မိနစ် တွင် သမ္မတကြီးစဝ်ရွှေသိုက်သည် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ ယာယီပါလီမန်ဥက္ကဋ္ဌကြီးပျော်ဘွယ် ဦးမြတို့နှင့်အတူ  လွှတ်တော်ခန်းမကြီးအတွင်း ဝင်ရောက်လာရာ ပရိသတ်အပေါင်းက မတ်တတ်ရပ်ကာ အရိုအသေပြုကြသည်။

နိုင်ငံတော်သမ္မတကြီးစဝ်ရွှေသိုက်က စင်မြင့်ပေါ်တွင်နေရာယူပြီးနောက် မိမိအနေဖြင့် ယခုအချိန်မှစ၍ သမ္မတရာထူးကို သိမ်းပိုက်ရယူလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်း ရာတွင် အသက်စွန့်လွှတ်သွားကြကုန်သူတို့အား သတိရသောအထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက် နေကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် “ အောင်စေသတည်း ”အစချီသော မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားသည်။ ဤသည်ကား လွတ်လပ်ရေးစတင်ရရှိသည့်နေ့ မြင်ကွင်းများ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

မြန်မာတို့အနေဖြင့် လွတ်လပ်ရေးပြန်လည်ရရှိအောင် တိုက်ပွဲဝင်ခဲ့ရသည်မှာ နှစ်ပေါင်းရာကျော်ကြာရှည် ခဲ့သည်။ လူ၊ ပစ္စည်းနှင့် အချိန်တို့များစွာကုန်ဆုံးခဲ့ရသည်။ စေ့စေ့စပ်စပ်တွေးကြည့်လျှင် လွတ်လပ်ရေး ပြန်လည်ရရှိရန် လူများစွာလိုအပ်ခဲ့သော်လည်း လွတ်လပ်ရေးဆုံးရှုံးရန်အတွက်မှာမူ အမျိုးသား သစ္စာဖောက် တစ်ယောက်ရှိရုံဖြင့် လုံလောက်လေသည်။

မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ် ခေါင်းပါးသူများ ရှိနေလျှင် ထိုနိုင်ငံသည် မကြာမီအတွင်း  လွတ်လပ်ရေးဆုံးရှုံးတော့မှာ ဧကန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်းမျိုးချစ်စိတ်နှင့် ဇာတိသွေး  ဇာတိမာန်ထက်သန်ကာ လွတ်လပ်ရေး၏တန်ဖိုးနှင့် အနှစ်သာရကို မမေ့မလျော့ဘဲ လွတ်လပ်ရေး ဗိသုကာကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးဟူသော ပြည်ထောင်စုအမွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါရန် ရေးသားလိုက်ရပေသည်။  ။