လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထားလမ်း၌ လူသတ်မှုနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတားထိပ်၌ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီး ချမှတ်

နေပြည်တော်၊ မေ - ၄

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထာလမ်းရှိ ပိုင်ကြီး ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ စွမ်းခန့်သူ(ဘ)ဦးသန်းဇော်မျိုး သည် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာနေ အောင်ပိုင်(ခ)အေးမင်းပိုင်(ဘ)ဦးစိုးအေး နှင့်အတူ အရက်သောက်စား မူးယစ်ကာ စကားများ ရန်ဖြစ်ကြစဉ် စွမ်းခန့်သူ က ဆိုင်ကယ်ပြင်ဆိုင် အမိုးတွင် ထိုးထားသော အရိုးအသွား ၁၀ လက်မခန့်ရှိ စကေဘာဓားဖြင့် ထိုးခဲ့ရာ အောင်ပိုင်(ခ) အေးမင်းပိုင် သည်  ရင်ဘတ်ထိုးသွင်းဒဏ်ရာကြောင့် သေဆုံးခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၂) အရ မေ ၃ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

    ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတားထိပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် မတ် ၃၀ ရက် ည ၇ နာရီ ၅ မိနစ် ခန့်တွင် ဦးဝင်းမြင့် မောင်းနှင်လာသည့် Caldina အမျိုးအစား အဖြူရောင် မောင်တော်ယာဉ်အမှတ်၊ YGN 5D/--- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျော်မြင့်ဦး (ခ) ရေခဲ(ဘ)ဦးတင်ရွှေ  ၏ ပြောက်ကျားဘေးလွယ် အိတ်အတွင်းမှ ပလပ်စတစ် အကြည်ရောင်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား၊ အအေးစုပ်ပိုက် ၁ ချောင်း၊ မူယစ်ဆေးဝါး သုံးစွဲထားသည့် ခဲပြား ၂ ခု၊ ခဲပြားအသစ် ၂ ခုတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး မူးယစ်ဆေးဝါး(သို့မဟုတ်) စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထား ရှိခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေပုဒ်မ - ၁၆(ဂ) အရ မေ ၃ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်             ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။