လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဟွာရန်းစားသောက်ဆိုင်အား မီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီး ထားသူများအနက်မှ တစ်ဦးရုတ်တရက်အမောဖောက်သေဆုံး

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဟွာရန်းစားသောက်ဆိုင်အား မီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီး ထားသူများအနက်မှ တစ်ဦးရုတ်တရက်အမောဖောက်သေဆုံး

နေပြည်တော်၊  မတ် - ၂၃
     
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဟွာရန်းစားသောက်ဆိုင်အား မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်သူများသည် အမှတ်(၈)ရပ်ကွက်တွင် နေထိုင်ကြောင်း သတင်းအရ မတ် ၂၀ ရက် ည ၉ နာရီခန့်တွင် အဆိုပါရပ်ကွက်ရှိ ထီးလှိုင်ရှင်အိမ်ရာအား ဝင်ရောက်ရှာဖွေရာ ဂျင်ကလိများ၊ လေးခွများ၊ ဓာတ်ငွေ့ကာ မျက်မှန်များ၊ မီးပုလင်းများနှင့် လက်ကိုင်စကားပြော စက်တစ်လုံးတို့နှင့်အတူ ဇေယျာဖြိုး (ဘ)ဦးမောင်ကလေး၊ အောင်ကျော်မိုး(ဘ)ဦးမိုးဆွေနှင့် သန်းလင်းဦး(ဘ)ဦးကံဝင်း တို့အား တွေ့ရှိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
    
အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသူ ၃ ဦးအား လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ် ရန်အတွက် မတ် ၂၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သက်ဆိုင်ရာသို့ ပို့ဆောင်ခဲ့ပြီး ဂိတ်ဝမှ လမ်းလျှောက်ဝင်ရောက်စဉ်  ဇေယျာဖြိုး သည် ရုတ်တရက်အမောဖောက်လာသဖြင့် တပ်မတော်ဆေးရုံသို့ပို့ဆောင်ရန် ဆောင်ရွက်စဉ် နှလုံးရပ်တန့်သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ ရုပ်အလောင်းအား တပ်မတော်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။