ဝက်စ်ဟမ်း၏ စာချုပ်ဖျက်ခံရသော ဝီရှိုင်းယား နှစ်ပတ်ကြာ အနားယူပြီး အနာဂတ်အတွက် ဆုံးဖြတ်မည်

ပြီးခဲ့သည့် တစ်ပတ်က တစ်ပတ်လစာ ပေါင်တစ်သိန်း ရရှိနေသော ဝက်စ်ဟမ်းအသင်းနှင့် လက်ကျန် စာချုပ်သက်တမ်း တစ်နှစ်ကို နှစ်ဖက်သဘောတူ ဖျက်သိမ်းခဲ့သည့် အင်္ဂလန်လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း ဝီရှိုင်းယားက နောက်နှစ်ပတ်ခန့် အနားယူပြီးလျှင် အနာဂတ်အတွက် ဆုံးဖြတ်ချက် ချသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဝီရှိုင်းယားသည် ၂ဝ၁၈ ခုနှစ်နွေရာသီကာလတွင် အာဆင်နယ်မှ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ခဲ့ ပြီး ပြီးခဲ့သည့် ခုနစ်လစလုံး ကြံ့ခိုင်မှုအပြည့်ရရှိ နေသော်လည်း နည်းပြမိုယက်စ်က နေရာပေးခြင်း မရှိတော့သည့်အတွက်    အသင်းနှင့် လက်ကျန်စာချုပ်ကို ဖျက်သိမ်းကာ ထွက်ခွာလာခြင်းဖြစ်သည်။

လက်ရှိတွင်  ဝီရှိုင်းယားကို  စတီဗင်ဂျာရတ် နည်းပြနေသည့် ရိန်းဂျားအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသကဲ့သို့   ဝီရှိုင်းယားကိုယ်တိုင်ကလည်း စပိန်လာလီဂါ သို့မဟုတ် အီတလီစီးရီးအေ တွင် ကစားလိုနေကြောင်း သိရသည်။

ဝီရှိုင်းယားက ''ကျွန်တော်က တစ်မူထူးခြားတဲ့ စိန်ခေါ်မှုအသစ်ကို   လိုချင်တာ။  လာလီဂါနဲ့ စီးရီးအေမှာ အောင်မြင်တဲ့ အင်္ဂလန်ကစားသမား များများစားစား မရှိဘူး။ ဒါကြောင့် အဲဒီလိဂ်တွေ မှာ ကျွန်တော် အောင်မြင်ချင်တယ်။ လက်ရှိမှာ တော့ ကျွန်တော် နှစ်ပတ်လောက် အချိန်ပေးပြီး အနားယူဦးမယ်'' ဟုပြောသည်။