ဝက်သားနှင့်ငါးတို့တွင် ရောဂါပိုးတွေ့ရှိသည်ဟု ဆိုသောကြောင့် ရောင်းအား ကျဆင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ဈေးအသီးသီးရှိ ဝက်သားအရောင်းဆိုင်များနှင့် ငါးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသော ဝက်သားနှင့်ငါးများတွင် ရောဂါပိုးတွေ့ရှိသည်ဟု ဆိုသောကြောင့် ဝယ်ယူစားသုံးမှုလျော့နည်းသွားကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဌာနအနေဖြင့် ပြည်သူများ အသားငါး စားသုံးသည့်အခါ ရောဂါကင်းရှင်းပြီး ကျန်းမာရေး ကောင်းမွန်သော အသားများကိုသာ ရောင်းချစေရန် သားသတ်လုပ်ငန်းလုပ်ကိုင်သူများကို မှာကြားထားကြောင်း၊ စစ်ဆေးမှုများလည်း အပတ်စဉ်ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးဆိုင်များကိုလည်း လိုက်နာမှုရှိမရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ယခုလက်ရှိအချိန်ထိ မြို့နယ်တွင်ဝက်ရောဂါဖြစ်ပွားမှု မရှိသေးကြောင်းပြောကြားသည်။

''အရင်တုန်းကတော့ တစ်ရက်ကို အချိန်၄ဝ၊ ၅ဝလောက်ကုန်တယ်။ အခုကတော့ အွန်လိုင်းသတင်းဖြစ်လာကတည်းက ရောင်းအားကျသွားတယ်။ တစ်ရက်ကို ပိဿာချိန် ၂ဝတောင် မကုန်တော့ဘူး။ဒီမှာတော့ ဘာရောဂါမှ မဖြစ်ပါဘူး။ သူတို့ကလိုင်းပေါ်မှာတင်ထားတာ ဘယ်မှာဖြစ်တာလဲဆိုတာ မသိဘူး။

ပြီးတော့ အဲဒီသတင်းကြောင့် ဝယ်ယူစားသုံး မှုနည်းသွားတယ်'' ဟု ဝက်သားရောင်းသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအွန်လိုင်းသတင်းကြောင့် ဒေသတွင်း ဝက်သားနှင့် ငါးဝယ်ယူစားသုံးသူ နည်းပါးသွားခြင်းကြောင့် အသားငါးဆိုင်များတွင် ရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။