ဝန်ထမ်းများ CDM လှုပ်ရှားမှုများဆောင်ရွက်ရာတွင် အားပေးကူညီခဲ့သူများဖြစ်သည့် ဦးဟန်ဝေဆက်၊ ဒေါ်ဆွေဇင်နုနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း ၁၁ ဦး အား တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ

ဝန်ထမ်းများ CDM လှုပ်ရှားမှုများဆောင်ရွက်ရာတွင် အားပေးကူညီခဲ့သူများဖြစ်သည့် ဦးဟန်ဝေဆက်၊ ဒေါ်ဆွေဇင်နုနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း ၁၁ ဦး အား တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ

နေပြည်တော်၊ မတ် - ၁၂

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ နည်းပညာအထောက်အကူပြုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးဟန်ဝေဆက်(ဘ)ဦးကိုသင်း သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ ပျက်ပြားစေရန်အတွက် CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းများ ပါဝင်စေရေး လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းအား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် အမှတ်(၃၁၇၈၄)၊ စန္ဒာလမ်း၊ ဒက္ခိဏသီရိ ရပ်ကွက်၊ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် ဝန်ထမ်းများ CDM လုပ်ဆောင်ရန်အတွက် ငွေကြေးများကောက်ခံခဲ့ရာ ဦးထွယ်ဆန်အောင်(Oxfam)၊ NGO(သဘာဝဘေးအန္တရာယ် ဆိုင်ရာ) အဖွဲ့နှင့် လူပုဂ္ဂိုလ် ၁၃ ဦးထံမှ စုစုပေါင်း ငွေကျပ် ၁၁၀ သိန်းခန့် ကောက်ခံ ရရှိခဲ့ပြီး လက်ရှိတွင် ငွေကျပ်သိန်း ၂၀ ခန့်သုံးစွဲထားပြီးဖြစ်ကြောင်းနှင့် CDM ဝန်ထမ်း များအား အားပေးကူညီမှုများပြုလုပ်နိုင်ရန်အတွက် နေပြည်တော်၊ ပြန်ကပြေး ကျေးရွာနေ “ဆုံဆည်းရာ” အမည်ဖြင့် Food Delivery လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဇင်နု(ဘ)ဦးမောင်နုနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဝန်ခံထွက်ဆို ခဲ့သဖြင့် ဒေါ်ဆွေဇင်နု အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဦးဟန်ဝေဆက် သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့်နည်းဥပဒေများကို ပြည်သူများနားလည် လွယ်သော ပုံစံဖြင့် သရုပ်ဖော်ပေးခြင်းများ ဆောင်ရွက်ခဲ့ကာ အကျိုးဆောင်ခ အဖြစ် ဝန်ကြီးဌာနမှ ၁ လလျှင် ငွေကျပ် ၃ သိန်းခန့်ရရှိပြီး ၎င်း၏ Han Wai Satt Facebook Account ဖြင့် နိုင်ငံ့ဝန်ထမ်းများ CDM ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ CDM အဖွဲ့ချုပ်အမည်ဖြင့် Page ဖွင့်လှစ်ခြင်း၊ CDM လှုပ်ရှားမှု ပိုမိုအားကောင်းလာစေရန် နည်းပညာအသုံးပြု၍ ဖြန့်ဝေခြင်းများ ဆောင်ရွက် ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

ဖမ်းဆီးရမိသူ ဒေါ်ဆွေဇင်နု ၏ ဝန်ခံထွက်ဆိုချက်အရ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝန်ထမ်း ၉ ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၁ ဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၁၁ ဦးတို့နေထိုင်ရန်အတွက် နေအိမ် ၂ လုံးအား ငှားရမ်းပေးခြင်း၊ အစားအသောက်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် CDM လုပ်ဆောင်လျက်ရှိသော အဆိုပါ ဝန်ထမ်း ၁၁ ဦးအား ၎င်းတို့နေထိုင် လျက်ရှိသည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဝေဒ(၁)လမ်းရှိ နေအိမ်၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးခဲ့သည်။

သို့ပါ၍ CDM လှုပ်ရှားမှုတွင်ပါဝင်ရန် အားပေးလှုံ့ဆော်ခြင်း၊ ဦးဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဦးဟန်ဝေဆက်နှင့် ကိုယ်တိုင်ပါဝင်ခဲ့သည့်နိုင်ငံ့ဝန်ထမ်း ၁၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်တွင် ဒက္ခိဏသီရိမြို့မ ရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅-က၊ ၅၀၅-ခတို့ဖြင့်လည်းကောင်း၊ ဝန်ထမ်းများ CDM ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးသည့် ဒေါ်ဆွေဇင်နု(ဘ) ဦးမောင်နု အား ပတ္တာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅-က ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိပါသည်။