ဝယ်လိုအား များပြားနေသောကြောင့် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် နှစ်သောင်းခန့် ဈေးနှုန်းမြင့်တက်

အိန္ဒိယနိုင်ငံ၏    ပဲလိုအပ်ချက်များကြောင့် ပြည်တွင်း၌ မတ်ပဲဝယ်လိုအား များပြားပြီး ဈေးနှုန်းမြင့်တက်လျက်ရှိရာ တစ်လအတွင်း တစ်အိတ်လျှင် ငွေကျပ် နှစ်သောင်းခန့်    ဈေးနှုန်းမြင့်တက်လာကြောင်း   မန္တလေးပဲဈေးကွက် အတွင်းမှ သိရသည်။

''ပြီးခဲ့တဲ့လကတည်းက အိန္ဒိယနိုင်ငံဘက်က ပဲတင်သွင်းမှုနဲ့ ပတ်သက်ပြီး ဖြေ လျှော့ပေးမှုတွေကြောင့် မတ်ပဲဈေးနှုန်းမြင့် တက်လာတာပါ။ ဒီလထဲမှာလည်း သင်္ဘော တင်ဖို့ရှိနေတော့ ဝယ်လိုအားများတယ်။ ဈေးကျဖို့မရှိပါဘူး''  ဟု  မန္တလေးမြို့မှ  ပဲကုန်သည် ဦးစိုးဝင်းကပြောသည်။

မတ်ပဲပိဿာ ၆ဝ ဝင် တစ်အိတ်လျှင် ယခင်က  ငွေကျပ်  ၈၈ဝဝဝ  မှ ၉ဝဝဝဝ အထိသာရှိခဲ့ရာမှ  ယခုအခါ ငွေကျပ် ၁၁ဝဝဝဝ အထိ ဈေးနှုန်းမြင့်တက်လာသည်။

၂ဝ၁၇ ခုနှစ်က အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကို  ကိုတာစနစ်ဖြင့် ကန့်သတ်ခဲ့ သောကြောင့် ပမာဏနှင့် အချိန်ကာလ အကန့်အသတ်များရှိခဲ့၍ စိုက်ပျိုးသူများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိတွင် လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့သောကြောင့် ဝယ်လိုအား များပြားကာ ဈေးနှုန်းမြင့်တက်လာပြီး စိုက်ပျိုးသူများ အဆင်ပြေမှုရှိလာ ကြောင်း၊ အိန္ဒိယနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများကို မေလမှစတင်ကာ အောက် တိုဘာလကုန်အထိ လွတ်လပ်စွာ တင်သွင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။