သက်ကြီးရွယ်အိုများနှင့်ဆီးမလုံခြင်း

 

သက်ကြီးရွယ်အိုများနှင့်ဆီးမလုံခြင်း

ကျွန်မတို့သည်ကျန်းမာနေဖို့ ခန္ဓာကိုယ်မှ အညစ်အကြေးများကို စွန့်ထုတ်ကြရသည်။ မြန်မာ့တိုင်းရင်း ဆေးပညာအရ ခန္ဓာကိုယ်မှစွန့်ထုတ်ရသော အညစ်အကြေးဟုခေါ်သည့် မလ(၁၂)ပါးရှိသည်။  ယင်းမလ(၁၂)ပါးတွင် ဆီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆီးနှင့်ပတ်သက်၍ ဆီးမလုံခြင်း၊ ဆီးမထိန်းနိုင်ခြင်းဆိုသော ဝေဒနာမှာ အသက်ကြီးသူအများစုတွင် ခံစားရလေ့ရှိသည်။ သက်ကြီး ရွယ်အိုများအနေဖြင့် ကြွက်သားများအားနည်းလာခြင်းကြောင့် ဆီးမလုံခြင်းဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဆီးမလုံခြင်းဆိုသည်မှာ စိတ်ထဲတွင် ဆီးသွားချင်စိတ်ပေါ်လာသည်နှင့်   ဘယ်နေရာရောက်ရောက်၊ ဘယ်နေရာဖြစ်ဖြစ် ဆီးထွက်ကျခြင်းကိုဆိုလိုသည်။ဆီးမလုံခြင်းသည်    လူအများသတိပြုမိသည်ထက်ပို သော ပြဿနာတစ်ရပ်ဖြစ်သည်။

ဆီးမလုံခြင်းကိုဖြစ်စေသော အကြောင်းများမှာ ဖိအားကြောင့်ဆီးမလုံခြင်း၊    သာမန်ဆီးမလုံခြင်း၊ ဆီးလျှံ၍ဆီးမလုံခြင်း၊ ရုတ်တရက်ကိုယ်ဟန်ပြောင်းခြင်း၊ ဆီးအလွန်သွားခြင်းကြောင့် ဆီးမလုံခြင်း တို့ဖြစ်သည်။ ဖိအားကြောင့်ဆီးမလုံခြင်းဆိုသည်မှာ ကိုယ်ဝန်ရှိနေခြင်း၊ သားအိမ်ထုတ်ထားခြင်း၊ ခွဲစိတ်မှုကြီးကြီးမားမားပြုလုပ်ထားခြင်း၊ အသက်အရွယ်ကြီးလွန်းခြင်း၊ အဝလွန်ခြင်း  စသည့်အကြောင်း အရာများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အချို့သက်ကြီးရွယ်အိုများတွင် သူငယ်ပြန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်အာရုံမကောင်းခြင်း၊  စိတ်ဓာတ် ကျနေခြင်းများကြောင့် ဆီးလွှတ်စောသော ဆီးမလုံခြင်းဝေဒနာခံစားနေကြရသည်။ အိပ်ဆေးများ အလွန်အကျွံသုံးစွဲထားသူများတွင်  ဆီးမလုံခြင်း ဝေဒနာခံစားရနိုင်သည်။

လူတိုင်းဆီးသွားဖို့အတွက် ဦးနှောက်မှတစ်ဆင့် ထိန်းချုပ်သော ကြွက်သားများရှိသည်။ ဦးနှောက်မှ ပေးသောအမိန့်၊ တစ်နည်းအားဖြင့် အသိစိတ်ကနေ ဆီးထွက်ခြင်းကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဆီးအိမ်မှအလုပ်လုပ်များလာသည့်အခါ ဆီးသွားချင်စိတ်ပေါ်လာသည်နှင့် ဆီးအိမ်ကညှစ်သည့် အလုပ်ကို လုပ်သည်။

ဆီးအိမ်မှအလုပ်လုပ်ခြင်း နည်းလာသည့်အခါ၊ များနေသည့်အခါတွင်လည်း ဆီးမလုံခြင်းဖြစ်ပေါ်လာ နိုင်သည်။ ဆီးအိမ်မကောင်းခြင်း အများဆုံးဖြစ်နိုင်သူများမှာ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ၊ ပါကင်ဆန် ရောဂါများကြောင့် အာရုံကြောအားနည်းနေသူများ ဖြစ်သည်။ အထက်မှာဆိုခဲ့သည့်အတိုင်း သက်ကြီး ရွယ်အိုများသာမက အဝလွန်သူ၊ ဆီးကျိတ်ရောင်သူ၊ ဆီးကျိတ်ကြီးသူ၊ ဆီးအိမ်ကင်ဆာ၊ ဆီးလမ်း ကြောင်းပိုးဝင်သူ၊ ဝမ်းချုပ်လွယ်သူများ၊ ဆေးလိပ်သောက်သူများတွင် ဆီးမလုံခြင်း ဝေဒနာ ခံစားရနိုင်သည်။

အဝလွန်သူများတွင် ဆီးမလုံခြင်းမှာ   ဆီးအိမ်ပေါ်သို့ ဖိအားသက်ရောက်မှုများနိုင်သကဲ့သို့ ဆီးအိမ် ကြွက်သားများအားနည်းနေလေ့ရှိသည်။ သို့ဖြစ်ပါသောကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ပြုလုပ်လိုက်လျှင်ပင် ထွက်ကျသွားနိုင်သည်။

အမျိုးသမီးနှင့်အမျိုးသားယှဉ်လိုက်လျှင် အမျိုးသမီးများသည် ဆီးမလုံခြင်းဝေဒနာပိုမိုခံစားကြရသည်။ အထူးသဖြင့်     ကလေးရိုးရိုး မီးဖွားထားသူများတွင် ဆီးမလုံခြင်းပိုမိုဖြစ်နိုင်သည်။    ဆေးလိပ်သောက်သူ များတွင်    နာတာရှည်ချောင်းဆိုးရောဂါဖြစ်ရာမှ ဆီးမလုံခြင်းပါ ခံစားလာရနိုင်သည်။ ဆီးဆေးပါသော ဆေးများ   မကြာခဏ သောက်သုံးနေရသူများတွင်လည်း ဆီးမလုံခြင်းခံစားရနိုင်သည်။

ဆီးမလုံခြင်းကို ခဏတာဆီးမလုံခြင်းနှင့် အမြဲတမ်းဆီးမလုံခြင်းဟူ၍လည်း ခွဲခြားနိုင်သည်။   ခဏတာဆီး မလုံခြင်းတွင် မိမိတို့ စားသောက်သောအစားအစာ၊ ဆေးဝါးများကြောင့် ဖြစ်ပေါ်လာနိုင်သည်။ ဆီးဆေးများ မကြာခဏသောက်သုံးရခြင်းကြောင့် ဆီးမလုံခြင်းသည်   ခဏတာဆီးမလုံခြင်းထဲတွင်    ပါဝင်သည်။ သို့တည်းမဟုတ် သွေးဆုံးပြီးချိန်၊ ကလေးမွေးပြီးချိန်၊ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျောက် တည်ခြင်း၊ ဦးနှောက်အာရုံကြောရောဂါရှိသူ   စသည့်အခြေအနေများ၊ ရောဂါရှိသူများတွင်မူ အမြဲတမ်းဆီး မလုံခြင်းဝေဒနာ ခံစားရနိုင်သည်။

ဆီးမလုံခြင်းကို လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းများနှင့် ကုသ၍ရနိုင်သည်။ သို့သော် အာရုံကြောနှင့် ပတ်သက်ဆက်နွှယ်နေသော ပြဿနာရှိသူတွင်မူ ကုသမှုခက်ခဲမည်ဖြစ်သည်။   ဆီးမလုံခြင်းအတွက် ပြုလုပ်ရမည့် အမူအကျင့်ဆိုင်ရာ လေ့ကျင့်ခန်းအမျိုးမျိုးရှိသည်။ ဆီးသွားလိုစိတ် ဖြစ်လာသည့် အခါမျိုးတွင် ဆီးအိမ်ကြွက်သားကိုတင်းပြီး ဆီးအောင့်ထားခြင်းဖြင့်ဆီးအိမ်ကို အလေ့အကျင့် ပြုလုပ်ပေးနိုင်သည်။ ဆီးမလုံခြင်းအတွက်  Kegal Exercise  ဟုခေါ်သော လေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်သည်။ ဆီးသွားနေစဉ် ဆီးကိုခဏအောင့်လိုက်၊ အောင့်နိုင်သလောက်အောင့်ထားပြီး ဆီးဆက်သွားလိုက် လေ့ကျင့်ခန်းကိုလည်း ပြုလုပ်နိုင်သည်။

ခန္ဓာကိုယ်ဝဖြိုးသော သက်ကြီးရွယ်အိုများအနေဖြင့် သင့်လျော်သောကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေး ရမည်။ အိပ်ရာဝင်ခါနီးအချိန်တွင် အရည်များသောက်ခြင်းကိုလည်း ဂရုပြုသင့်သည်။ အိပ်ဆေးများ သောက်သည့် အလေ့ရှိပါကလည်း မဖြစ်မနေ အခြေအနေမျိုးတွင်သာ သုံးစွဲစေလိုသည်။ ဤနည်းများဖြင့် သက်ကြီး ရွယ်အိုများအနေဖြင့် ဆီးမလုံခြင်းကြောင့် အရေပြားအပူလောင်ခြင်းဒဏ်မှ ကင်းဝေးစေမည် ဖြစ်သည်။  ။