သက်တမ်းအရှည်ဆုံးသော သမိုင်းထဲကစစ်ပွဲများ (၂)

ရောမ-ပါရှားစစ်ပွဲ

နှစ်ပေါင်း ၆၈၁ နှစ်ကြာမြင့်တဲ့   ရောမ-ပါရှားစစ်ပွဲဟာ ရောမအင်ပါယာနဲ့ ပါရှားအင်ပါယာတို့ကြား ဘီစီ ၅၄ ခုနှစ်ကနေ အေဒီ ၆၂၈ ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

ဒီစစ်ပွဲဟာ ရီကွန်ကီစတာစစ်ပွဲကဲ့သို့ အလားသဏ္ဌာန်တူပေမယ့် ဘာသာရေးပြဿနာက စစ်ပွဲရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ်သာ ပါဝင်ခဲ့ပါတယ်။

စစ်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းက အင်ပါယာတစ်ခုက သူတို့ရဲ့ အင်ပါယာနယ်မြေကို ချဲ့ထွင်လိုတဲ့ ဆန္ဒကြောင့်ဖြစ်တဲ့အတွက် ဒီစစ်ပွဲဟာ နယ်မြေလုစစ်ပွဲလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

မစ်သရီဒါးတစ်စစ်ပွဲက သူတို့အင်ပါယာနှစ်ခုကြား ပထမဆုံးဖြစ်ပွားတဲ့စစ်ပွဲဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့စစ်ပွဲ တွေတစ်လျှောက်လုံးမှာ တစ်ဖက်ကတစ်ဖက်ကို အနိုင်ရလိုက်၊ ရှုံးနိမ့်လိုက်၊ နယ်မြေရလိုက်၊ ပြန်ပေးလိုက် ရလိုက်နဲ့သာ နေခဲ့ရတာပါ။

ဒါကြောင့်လည်း တစ်ဖက်နဲ့တစ်ဖက်ကြားမှာရှိတဲ့ နယ်စပ်ဒေသအကျယ်အဝန်းက ကြီးစွာပြောင်းလဲမှု မရှိခဲ့တာကို တွေ့ရပါတယ်။

ဒီလိုမျိုးနှစ်ပေါင်းများစွာကြာ တစ်ဖက်နဲ့တစ်ဖက် စစ်ခင်းနေရခြင်းက နှစ်ဖက်စလုံးကိုစစ်ပန်းစေပြီး အင်အား ချည့်နဲ့လာစေပါတယ်။ ဒီလိုအင်အားချည့်နဲ့လာမှုကြောင့်  အသစ်ဖွဲ့စည်းလိုက်တဲ့ ပေါင်းစည်း အာရပ် တပ်မတော်ရဲ့ထိုးစစ်ကို မခံနိုင်ကြတော့ပါဘူး။ပထမဆုံး ပါရှားအင်ပါယာက မြန်မြန်ဆန်ဆန်ပဲ ပြိုကွဲ သွားပါတယ်။ ဘစ်ဇန်တင်း-အာရပ်စစ်ပွဲအတွင်းမှာတော့ ရောမအင်ပါယာဟာ သူ့ရဲ့နယ်မြေအများစုကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

ဂျာမန်းနစ်စစ်ပွဲ

ဂျာမန်းနစ်စစ်ပွဲဆိုတာ ရောမလူမျိုးတွေနဲ့ ရှေးဦးဂျာမန်းနစ်မျိုးနွယ်စုတို့ကြား ဖြစ်ပွားခဲ့တဲ့စစ်ပွဲဖြစ်ပြီး နှစ်ပေါင်း ၆၈၁ နှစ်ကြာမြင့်ပါတယ်။

ဘီစီ ၁၁၃ ခုနှစ်မှာ စင်ဘရိုင်းနဲ့ ထူတန်မျိုးနွယ်စုတို့က ရောမတို့အုပ်စိုးတဲ့နယ်မြေထဲကို ဝင်ရောက်နေထိုင်ရာ ကနေစပြီး စစ်ပွဲဖြစ်ပွားတာပါ။

အဲဒီစစ်ပွဲမှာ ရောမတို့ဘက်က ဆုံးရှုံးမှုတွေအလွန်များပြားခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြနေပေမယ့် လည်း စစ်ပွဲကိုတော့အောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဂျာမန်းနစ်မျိုးနွယ်စုဝင်တွေက အဲ့(ပ်)တောင်တန်းနောက်ပိုင်းအထိ ဖျက်လိုဖျက်ဆီးမှုတွေ လုပ်ဆောင် နေစဉ်မှာပဲ အားလာရစ်ဘုရင်နဲ့ သူ့ရဲ့ဗစ်ဆစ်ဂေါ့လူရိုင်းတွေဟာ ရောမမြို့ကိုဝိုင်းပတ်ပိတ်ဆို့လိုက်ပါတယ်။

သူတို့အနေနဲ့တောင်းဆိုတာက မြို့ရဲ့တစ်စိတ်တစ်ပိုင်းကိုမျှဝေပေးဖို့၊ အပြန်အလှန်အနေနဲ့ နှစ်စဉ် ငွေကြေး ပေးအပ်သွားမယ်လို့ဆိုလာပါတယ်။

ဒါ့အပြင် စစ်ဘက်ရာထူးအဆင့်အတန်းအမျိုးမျိုးမှာလည်း သူတို့လူတွေကိုပါဝင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါသေး တယ်။ ဒါပေမဲ့ ရောမဘုရင်ဟိုနိုရီးယက်က အဲဒီတောင်းဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။အေဒီ ၄၁၀ ပြည့်နှစ်မှာတော့ ရောမမြို့ထဲကပုန်ကန်သူတွေနဲ့ အသတ်အပုတ်နဲ့ဖျော်ဖြေရသူတွေက ဗစ်ဆစ်ဂေါ့တွေ အတွက် မြို့တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ အဲဒီနောက် ဗစ်ဆစ်ဂေါ့တွေဟာ သုံးရက်အတွင်းမှာပဲ ရောမမြို့ကို ဝင်ရောက်စီးနင်းလိုက်နိုင်ပါတယ်။

စစ်ပွဲဟာဒီလိုနည်းနဲ့နှစ်ပေါင်းများစွာကြာအောင် အကြိမ်ကြိမ်ဖြစ်ပွားပြီး နှစ်ပေါင်း ၆၈၁ နှစ်ကြာ ဂျာမန်း နစ်စစ်ပွဲဟာ ခရစ်နှစ် ၅၆၉ ခုနှစ်မှာ ပြီးဆုံးသွားပါတယ်။

အော့တိုမန်စစ်ပွဲများ

တူရကီစစ်ပွဲများလို့လည်းလူသိများတဲ့ အော့တိုမန်စစ်ပွဲများက နှစ်ပေါင်း ၆၅၃ နှစ်တိုင်အောင် ဖြစ်ပွားခဲ့ တာဖြစ်ပြီး အော့တိုမန်အင်ပါယာနဲ့ ဥရောပမှာရှိတဲ့ အင်ပါယာတွေအကြား ဖြစ်ပွားတဲ့ စစ်ပွဲဖြစ်ပါတယ်။

အဲဒီစစ်ပွဲတွေဟာ ၁၂၆၅ ခုနှစ်မှာ ဘစ်ဇန်တင်း-အော့တိုမန်စစ်ပွဲနဲ့အတူ စတင်ခဲ့တာပါ။ ဘစ်ဇန်တင်း-အော့တိုမန်စစ်ပွဲကတော့   ဘစ်ဇန်တင်းတို့ကို အဆုံးသတ်သွားစေခဲ့ပါတယ်။

အဲဒီနောက် ဥရောပတိုက်တစ်ဝန်းမှာ ရက်စက်လှတဲ့စစ်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ၁၄ ရာစုနဲ့ ၁၆ ရာစုအတွင်းမှာတော့ အော့တိုမန်တို့ဟာ ဘော်ကန် ဒေသနဲ့ အလယ်ဥရောပဒေသတစ်ဝန်းကို သိမ်းပိုက်နိုင် ကာ ဆာ့(ဘ်)၊ ဘော့စနီးယန်းနဲ့  ဟန်ဂေရီယန်တို့ကို သူ့ရဲ့လက်အောက်မှာသွတ်သွင်းနိုင်ခဲ့ပါတယ်။

၁၈ ရာစုမှာ ရုရှားတို့နဲ့စတင်ဖြစ်ပွားတဲ့စစ်ပွဲနဲ့ ၁၉ ရာစုမှာဖြစ်ပွားတဲ့ ဆားဘီးယားတော်လှန်ရေးစစ်ပွဲနဲ့ ဂရိလွတ်လပ်ရေးစစ်ပွဲတို့ဟာ အော့တိုမန်အင်ပါယာရဲ့ကျရှုံးမှုအစဖြစ်လာပါတယ်။

ပထမကမ္ဘာစစ်အတွင်းမှာတော့ အစ္စတန်ဘူမြို့ကို ဗြိတိသျှတော်ဝင်ရေတပ်ရဲ့တိုက်ခိုက်မှုမခံရလေအောင် အော့တိုမန်တို့က တားဆီးနိုင်ခဲ့ပေမယ့်လည်း သူတို့ သိမ်းပိုက်ထားတဲ့ ဥရောပတိုက်ရဲ့နယ်မြေအများအပြား ကိုတော့ လက်လွှတ်လိုက်ရပါတယ်။ ၁၉၁၈ ခုနှစ်ကတော့ အော့တိုမန်အင်ပါယာရဲ့ ကျရှုံးခန်းဖြစ်ပြီး သူတို့ရဲ့ လွှမ်းမိုးမှုကိုလည်း စွန့်လွှတ်ကာ အော့တိုမန် စစ်ပွဲများက အဆုံးသတ်သွားရပါတယ်။

အာရပ်-ဘစ်ဇန်တင်းစစ်ပွဲ

အာရပ်-ဘစ်ဇန်တင်းစစ်ပွဲက ၇ ရာစုမှာစတင်ဖြစ်ပွားတာဖြစ်ပြီး ရာရှီဒန်နဲ့ အူမိုင်းယက် အစ္စလာမ်မစ်နိုင်ငံ တို့ရဲ့ ဦးဆောင်မှုအောက်မှာ အာရပ်တွေအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။

ဘစ်ဇန်တင်းတွေဘက်ကတော့ ဆီးရီးယားနဲ့အီဂျစ်အပါအဝင် သူတို့နယ်မြေအများအပြားကို အာရပ်တွေဆီ လက်လွှဲလိုက်ရပါတယ်။

ကနဦးမှာ ဘစ်ဇန်တင်းတွေက ကာကွယ်မှုသာလုပ်ပြီး ကွင်းပြင်တွေမှာတိုက်ပွဲဖြစ်ပွားမှုကို မကြာခဏ ဆိုသလို ရှောင်ရှားခဲ့ပါတယ်။

ဒီလိုနည်းနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင်နေလာခဲ့ပြီးနောက်မှာတော့ တန်ပြန်တိုက်ခိုက်မှုတွေကို စတင် လုပ်ဆောင်လာပါတော့တယ်။

ခရစ်နှစ် ၇၁၈ ခုနှစ်မှာ အာရပ်တပ်ဖွဲ့တွေက ဘစ်ဇန်တင်းတို့ရဲ့မြို့တော်ဖြစ်တဲ့    ကွန်စတန်တီနိုပယ်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု ဒုတိယအကြိမ်ကျရှုံးပြီးနောက် မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားပေမယ့်လည်း နှစ်ဖက်အင်ပါယာရဲ့ နယ်နိမိတ်တွေကိုတော့ ပြောင်းလဲ စေခဲ့ခြင်းမရှိပါဘူး။

နှစ်ဖက်စစ်ပွဲအဆုံးသတ်မှာတော့ ဘစ်ဇန်တင်းအင်ပါယာက အကြီးအကျယ်ရှုံးနိမ့်ပြီး သူ့ရဲ့နယ်မြေပိုင်နက် အများအပြားကို စွန့်လွှတ်လိုက်ရပါတယ်။ အာရပ်တွေကတော့ အရှေ့အလယ်ပိုင်းနဲ့အာဖရိက ဒေသတွေမှာ သူတို့ရဲ့တည်ရှိမှုကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

နွေဦး