သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၆ ရက်
    
နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအပေါ် သစ္စာခံကာ အမှန်တရားကိုမျက်ကွယ်ပြုပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေးအမြောက်အများကုန်ကျခံကာ နေရာအနှံ့အပြားတွင်(ကွန်ယက်) သဖွယ် လှုံ့ဆော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။
    
နိုင်ငံတော်အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် လူစုလူဝေးဖြင့် ဆန္ဒပြဖြစ်စဉ် များ၊ လူသွားလမ်းများအား အတားအဆီးများဖြင့် ပိတ်ဆို့မှု ဖြစ်စဉ်များ အကြမ်းဖက်မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက် များကို အသုံးပြုခြင်း၊ အသံမြည်ဗုံး၊ မျက်ရည်ယိုဗုံးများအသုံးပြုပြီး ထိခိုက် ဒဏ်ရာရရှိမှုအနည်းဆုံး ဖြစ်အောင် ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။
    
၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် အချို့မြို့နယ်များ၌ ဆူပူအော်ဟစ်ဆန္ဒပြခဲ့ သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် များ က ဥပဒေနှင့် အညီ ဖြိုခွဲထိန်းသိမ်း ခဲ့ရပါသည်။
    
ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရာတွင် ဆူပူအုံကြွမှုနည်းပါးသော ဒေသများရှိ လူငယ်ထုများအား နောက်ကွယ်ရှိ တိမ်းရှောင်ပုန်းခိုနေသူများမှ ဖိအားပေးခြင်း၊ ခြိမ်းခြောက် ခြင်း၊ ကောလဟလနည်းမျိုးစုံဖြင့် မခံမရပ်နိုင်အောင်နိုးဆွခြင်း၊ လူငယ်ထု၏ စိတ်ခံစားမှုကို တက်ကြွလာအောင် ငွေကြေးထောက်ပံ့မှုများအပါအဝင် နည်းမျိုးစုံအသုံးပြုခြင်းများကို  မပြတ် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ သားသမီးများ၏ အနာဂတ်ဘဝများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်မှုမရှိစေရေးထိန်းသိမ်းကြပ်မတ်သင့်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။