သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ် ၇

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်လုံခြုံအေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအတွက် ဦးတည်ရည်မှန်းချက် ထားကာ နိုင်ငံတော်အား နည်းမျိုးစုံအသုံးပြုဆန့်ကျင်လှုပ်ရှားနေသူများကို နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အတွင်း (အေးချမ်းစွာဆန္ဒပြသည်)ဟူသော ခေါင်းစဉ်ဖြင့်  ပြယုဂ်ကောင်းအောင် မီဒီယာအားပြုကာ ကောလာဟလထုတ်လွှင့်၍ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူများ၏ အလိုကျ အတိုင်း လူငယ်ထုများကိုသာ ရှေ့တန်းတင်ရန် ဆောင်ရွက်လျက်ရှိနေပါသည်။
နိုင်ငံတော်အတွင်း အေးချမ်းသာယာစွာနေထိုင်လို၍ မတည်မငြိမ်ဖြစ်ရပ်များကို မလိုလား သည့် ပြည်သူလူထုအများစုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် မိမိတို့၏ နစ်နာမှုများကို တိုင်းကြားနိုင်သည့် တယ်လီဖုန်းများသို့ ဆက်သွယ်ကာ အများပြည်သူ လူထုနှင့်သက်ဆိုင်သည့် တက္ကသိုလ်ကောလိပ်များ၊ ဆေးရုံများအား ထိန်းသိမ်းပေးနိုင်ရေး အများ ပြည်သူ၏ မျက်နှာကို ထောက်ရှု၍ ထိထိရောက်ရောက်ပြတ်ပြတ်သားသား ဆောင်ရွက်ပေးနိုင်ပါရန် တောင်းဆိုလာကြပါသည်။

သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် အကျိုးစီးပွားအတွက် နေရာဒေသအများအပြားရှိ တက္ကသိုလ်ကောလိပ်၊ ဆေးရုံများအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြောင်းမဲ့စွာ လမ်းကြောင်း ပိတ်ဆို့ထားရှိမှုများအား ဖယ်ရှားစဉ် ဖြစ်ပေါ်လာသော အခြေအနေပေါ်မူတည်၍ အဓိကရုန်းနှိမ်နှင်းရေးသုံး လက်နက်များ၊ မျက်ရည်ယိုဗုံးများအား လိုအပ်သလို အသုံးပြုဆောင်ရွက်ပြီး  လူစုခွဲခြင်း၊ ဦးစီး ဦးဆောင်ပြုလုပ်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်းများကိုဆောင်ရွက်လျက်ရှိရာ  ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် မြို့ကြီးအချို့၌ လူစုခွဲခြင်းများဆောင်ရွက်ခဲ့ပြီး အမျိုးသား(၃၉)၊ အမျိုးသမီး (၂)၊ စုစုပေါင်း(၄၁)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

နိုင်ငံတော်အတွင်း ယခင်အစိုးရကာလတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နိုင်ငံတော်၏ လုံခြုံရေးကို ချည့်နဲ့အားနည်းစေရန်အတွက် လူ့အခွင့်အရေးအကြောင်းပြမှုဖြင့် မဖြစ်မနေလိုအပ် သော လုံခြုံရေးဆိုင်ရာဥပဒေအချို့ကို ပယ်ဖျက်ခဲ့သဖြင့် ယနေ့ကာလတွင် လိုအပ်လျက်ရှိသော ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၃/၂၀၂၁)ဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။     

သို့ဖြစ်၍ နိုင်ငံတော်ဆန့်ကျင်ရေးကို ဆောင်ရွက်ခဲ့သည့်အတွက် အမှုဖွင့်အရေးယူခံထားရပြီး ရှောင်တိမ်း ပုန်းအောင်းနေသူများကိုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးအတွက် ရှာဖွေထိန်းသိမ်းရန် လိုအပ်လျက်ရှိသူများကိုလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ရှောင်တိမ်းနေမှုများအား လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထပ်မံပြင်ဆင်ဖြည့်စွက်ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းများအား ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။