သတင်းမီဒီယာ သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

သတင်းမီဒီယာ သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်  စက်တင်ဘာ ၂၄

ကိုဗစ်-၁၉ ရောဂါသည် ကုသရန် ဆေးမရှိသေးဘဲ ကာကွယ်ဆေးသည်သာ အဓိကဖြစ်သောကြောင့် နိုင်ငံတော်က ဦးစားပေးအုပ်စုများ သတ်မှတ်၍ ဆောင်ရွက်ပေးလျက် ရှိရာ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် အမှတ် ( ၆) အခြေခံပညာအထက်တန်းကျောင်း၌  သတင်းမီဒီယာသမား  ၅၇ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

''တဖြည်းဖြည်းနဲ့ ဒီရောဂါကာကွယ်ဆေးဟာ အသက်အန္တရာယ်ကို ကယ်နိုင်လာတယ် ဆိုတာသိလာကြတယ်။ မဖြစ်ခင်ကြိုတင် ကာကွယ်တာဟာ အဓိကဖြစ်တယ်လို့ သိလာ တဲ့အချိန်မှာ ကာကွယ်ဆေးထိုးချင်တဲ့ ဆန္ဒတွေ ဖြစ်လာကြတယ်။ ဒါကြောင့် ဆေးထိုးတဲ့ လူများလာတယ်။ အုပ်စုလေးစုခွဲပြီး ထိုးနှံပေးနေပြီး တစ်ရက်ကို လူဦးရေ ၇ဝဝ ကနေ ၁ဝဝဝ အထိထိုးနှံရပါတယ်။ ဒီနေ့ သတင်းမီဒီယာသမား ၅၇ ဦးကို ကာကွယ်ဆေးထိုး နှံပေးခြင်းဖြစ်ပါတယ်''ဟု ဗိုလ်တထောင်မြို့နယ်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဟေမာဇော်က ပြောသည်။

အသက် ၆၅ နှစ်အထက် သက်ကြီးများကို ထိုးနှံပေးပြီးနောက် ယခုအခါ အသက် ၅၅ နှစ်အထက်ပြည်သူများ၊   မသန်စွမ်းများ၊  နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထပ်မံ၍  ဦးစားပေး ထိုးနှံပေးလျက်ရှိသည်။

ယခုအခါ  လူငယ်များလည်းရောဂါ ကာကွယ်ဆေးကို ထိုးနှံလိုကြပြီး ကျန်းမာရေး ဦးစီးဌာနအနေဖြင့်   ရရှိသောဆေးပေါ် မူတည်၍ထိုးနှံပေးလျက်ရှိရာ ယနေ့ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် လူဦးရေ ၅ဝဝ ထိုးနှံပေးရန် လျာထားသော်လည်း ဆေးထိုး နှံလိုသော လူဦးရေအရ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''အခုလို သတင်းမီဒီယာသမားတွေ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အပေါ်   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ အားလုံးသော တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နဲ့ တွေ့ဆုံတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးက  ဘာများကူညီရမလဲလို့ မေးပါတယ်။

ကျွန်တော်တို့က ကိုဗစ်ကာလမှာ အလုပ်တိုက်တွေ ပိတ်ထားပေမယ့် သတင်းမီဒီယာသမားတွေနဲ့ ပုံနှိပ်စက် အလုပ်သမားတွေ အလုပ်တွေ လုပ်နေရတာမို့  ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးစေလိုတယ်လို့ အကူအညီတောင်းခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက   ဆောင်ရွက်ပေးပါ့မယ်လို့ ပြောခဲ့ပြီး  ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ပြီး ယနေ့မှာ သတင်းမီဒီယာသမားတွေ ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပါပြီ။

ဒီနေ့ဆေးထိုးနှံတာ ကော်လံစားနဲ့ အလွတ် သတင်းထောက်တွေ များပါတယ်။ ခက်ခဲနေတဲ့ကြားထဲက ပြည်သူတွေနဲ့  သတင်းမီဒီယာသမားတွေကို  ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ အပေါ် နိုင်ငံတော်ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။   အားလုံး ကာကွယ် ဆေးထိုးနှံဖို့လည်း တိုက်တွန်းလိုပါတယ်'' ဟု   မဂ္ဂဇင်းအယ်ဒီတာချုပ် တစ်ဦးဖြစ်သူ ဦးမောင်မောင်မြင့်အေးက ပြောသည်။

ဗိုလ်တထောင်မြို့နယ်၌ သြဂုတ်လမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ပြည်သူ ၁၉၇ဝ ဦးနှင့် အလုပ်သမား ၅ဝဝဝ ကျော်ကို ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ ထို့ပြင် စက်တင်ဘာလ၌ ပြည်သူ ၁၉ဝဝ ကျော် ထိုးနှံပေးခဲ့ပြီး  ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကာ စည်ပင်သာယာဝန်ထမ်း ၇၉ဝဝ ကျော်တွင် ၂၅ဝဝ ကျော် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော သတင်းမီဒီယာ သမားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။