သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များကအားတက်သရောဆောင်ရွက်

နေပြည်တော်၊ စက်တာဘာ - ၁၇

          မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကိုပိုင်ဆိုင်နိုင်ရေးအတွက်ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာမျက်စိပသာဒဖြစ်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်လှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များ ဖြစ်လာ မည်ဖြစ်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

          ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိ ကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာ လှပရေးကိုအားတက်သရော ဆောင်ရွက်လျက်ရှိကြပါသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ် ၈ မြို့နယ် တို့၌လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ် ၃မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်အပါအဝင် မြို့နယ် ၃ မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အပါအဝင် မြို့နယ် ၅ မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးခရိုင်ရှိမြို့နယ် ၁ မြို့နယ်၊ မှော်ဘီခရိုင်ရှိမြို့နယ် ၂ မြို့နယ်၊ လှည်းကူး ခရိုင်ရှိမြို့နယ် ၁ မြို့နယ်၊ မင်္ဂလာဒုံခရိုင်ရှိမြို့နယ် ၂ မြို့နယ်၊ အင်းစိန်ခရိုင်ရှိမြို့နယ် ၃ မြို့နယ်၊ မရမ်းကုန်းခရိုင်ရှိမြို့နယ် ၃ မြို့နယ်၊ အလုံခရိုင်ရှိမြို့နယ် ၃ မြို့နယ်၊ ကျောက်တံတားခရိုင်ရှိမြို့နယ် ၅ မြို့နယ်၊ ဒဂုံမြို့သစ်ခရိုင်ရှိမြို့နယ် ၄ မြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်ရှိမြို့နယ် ၄ မြို့နယ်၊ တွံတေးခရိုင်ရှိမြို့နယ် ၅ မြို့နယ်၊ ဗိုလ်တထောင်ခရိုင်ရှိမြို့နယ် ၅ မြို့နယ်၊ ကမာရွတ်ခရိုင်ရှိမြို့နယ် ၂ မြို့နယ်၊ သန်လျင် ခရိုင်ရှိမြို့နယ် ၅ မြို့နယ်တို့၌လည်းကောင်း ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်းဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွား ရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။