သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကပိုင် မွေးမြူရေးစခန်းများအား ကြည့်ရှုစစ်ဆေး

သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကပိုင် မွေးမြူရေးစခန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် - ၁၁

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိကပိုင် မဟာနန်းတော်ဆိတ်မွေးမြူရေးခြံနှင့် တဲပြာနို့စားနွားမွေးမြူရေးခြံတို့အား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘော့ချောင်းကျေးရွာ ၌ ရန်ကုန်တိုင်းဒေသကြီးငါးမွေးမြူရေးဦးစီးဌာနမှ ပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်၍ ဘော့ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ ၆ သိန်းကျော်အား ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်ခဲ့ပြီး စစ်ပင်ကွင်းကျေးရွာရှိ နည်းပညာပေးရေး စခန်းတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် ဒေသခံ တောင်သူများအား ပင်လယ်ကိုးသွယ်ကုမ္ပဏီမှ စိုက်ပျိုးစရိတ်ငွေနှင့် ဓာတ်မြေဩဇာ များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။