သဘာဝဘေးကြိုတင်တွေးလို့ ပြင်ဆင်ရေး

သဘာဝဘေးကြိုတင်တွေးလို့ ပြင်ဆင်ရေး

ကမ္ဘာကြီးတွင် ဘေးအမျိုးမျိုး ရန်အသွယ်သွယ် ကျရောက်နေလျက်ရှိရာ လူသားတို့ အနေဖြင့် အစစအရာရာတွင် ကြိုတင်ပြင်ဆင်နိုင်မှ သင့်လျော်ပေလိမ့်မည်။ ကပ်ရောဂါ ဘေးကြောင့် စိတ်ညစ်နေကြစဉ် ယခုတစ်ဖန် သဘာဝဘေးဖြစ်သော ရေကြီးရေလျှံခြင်းက ပေါ်လာပြန်သည်။ တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွား၊ သေဆုံးသူ ၂၅ ဦးရှိနေကြောင်း သတင်းတစ်ခုကို ဇူလိုင် ၂၂ ရက်နေ့ထုတ် သတင်းများတွင် ဖတ်လိုက်ရသည်။ ဇူလိုင် ၁၁ ရက်နေ့မှ မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး ကျန့်ကျိုးပြည်နယ်တွင် ဒေသခံပြည်သူ ၁၆၄၇၁၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားရသည်။

အိန္ဒိယနိုင်ငံ၌လည်း မြေပြိုမှုကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိလာကြောင်း သတင်း တစ်ပုဒ်ကို ဇူလိုင် ၂၅ ရက်နေ့တွင်ကြားသိရပြန်သည်။ ဇူလိုင် ၂၂ ရက်တွင် ၂၄ နာရီ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်း မြို့မှ ၁၆၀ မိုင်အကွာရှိ ချီပလန်တွင် ၃ ဒသမ ၅ မီတာအထိရေတက်ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ်ကြုံတိုင်း မြန်မာနိုင်ငံအနေဖြင့်လည်း သတိထားရမည့် အချိန်အခါ ဖြစ်သည်။ မြန်မာနိုင်ငံသည် တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းဒေသများ၊ မြစ်ချောင်းများ၊ လျှိုမြောင် များပေါများသည့်အတွက် သဘာဝဘေးအန္တရာယ် ကျရောက် နိုင်သည့် ပထဝီအနေအထားတွင်ရှိနေသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်နီးပါး ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိသည်။ ထိုသို့ဖြစ်ပေါ်တိုင်း လူသားတို့ဒုက္ခနှင့် ရင်ဆိုင်ကြရသည့်အပြင် စိုက်ပျိုးသီးနှံခင်းများ ပျက်စီးခြင်း၊ လမ်းတံတားနှင့် နေအိမ်များ ပျက်စီးခြင်းတို့ကြုံတွေ့ကြရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌   တပ်မတော် တပ်ရင်း/တပ်ဖွဲ့များရှိနေခြင်းက   ပြည်သူများ အတွက် အားကိုးအားထားပြုဖွယ်ရာဖြစ်သည်။ သဘာဝဘေးကျရောက်သည်နှင့်  တပ်မတော်သားတို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ကြသည်။ ရေဘေးသင့်သည်ဖြစ်စေ၊ မီးလောင်လျှင်ဖြစ်စေ အခြားသောအန္တရာယ် တစ်ခုခုဖြစ်စေ  တပ်မတော်သားတို့က  ကူညီကယ်ဆယ်ရေး၊  နေရာရွှေ့ပြောင်းပေးရေး၊  ကျန်းမာရေး စောင့်ရှောက်မှုပေးရေး လုပ်ငန်းများကို တက်ညီလက်ညီလုပ်ကိုင်ကြသည်။ အိမ်နီးချင်း နိုင်ငံများတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရေကြီးရေလျှံဖြစ်သည်ဟု သတင်း ကြားသည်နှင့်  တပ်မတော်သားတို့သည် ပြည်သူများအတွက် အသင့်အနေအထား တွင် ရှိနေပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့အတူတကွ လက်တွဲဆောင်ရွက်မှုရှိလာသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေး အန္တရာယ်ကျရောက်လျှင် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ဆောင်နိုင်ရန် စီစဉ် ဆောင်ရွက်ထားပြီးဖြစ်သည်။  မွန်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်နေ့တွင်  မိုးသည်း ထန်စွာ ရွာသွန်းခဲ့သည့်အတွက် တောင်ကျချောင်းရေများကျဆင်းပြီး ချောင်းဆုံမြို့နယ် သက္ကောကျေးရွာအဝင်ကားလမ်း မုဒုံမြို့နယ်အတွင်း နှီးပဒေါချောင်းရေလျှံမှုကြောင့် နှီးပဒေါကျေးရွာအနီးရှိ သံဖြူဇရပ်-မုဒုံသွားကားလမ်းမကြီး နှင့် ရေးမြို့နယ် ဟံဂံချောင်း ရေလျှံမှုကြောင့် ကိုးမိုင်ကျေးရွာအနီးရှိ မော်လမြိုင်-ထားဝယ်သွားကားလမ်းမ တို့၌ ရေအနက် ၂ ပေခွဲခန့်အထိ ရေလွှမ်းမိုးခဲ့သည်။ မော်တော်ယာဉ်များသွားလာနိုင်မှုမရှိသဖြင့် အများ ပြည်သူများအခက်အခဲမရှိစေရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဥတုသုံးပါးသတ်မှတ်ထားရှိရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိသည် မိုးဥတုဖြစ်သည်။ မိုးဥတုတွင် မိုးနှင့်ပတ်သက်သော အန္တရာယ်ကို ကြုံတွေ့လေ့ရှိသဖြင့် ရေဘေးကြုံတွေ့ရသော ဒေသများတွင် နေထိုင် ကြသော ပြည်သူများ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ကြရန်မဖြစ်မနေလိုအပ်သည်။ ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဇူလိုင် ၂၈ ရက်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သတင်းထုတ်ပြန် ပေးထားသည်။ လေဖိအားနည်းမှ တစ်ဆင့်မုန်တိုင်းဖြစ်လာနိုင်သည်။ ကြိုတင်ပြင်ဆင် ကာကွယ်မှုပြုထားခြင်းသည် ဆုံးရှုံးမှုနည်းပါးစေနိုင်သည်။

မိသားစုအချင်းချင်း၊ အိမ်နီးချင်းများနှင့် ဆက်သွယ်နိုင်မည့်ဖုန်းများ၊ မိသားစုအရေးပေါ် ပြောင်းရွှေ့နိုင်ရန် လမ်းကြောင်းများနှင့် ဆုံရပ်များကို ကြိုတင်ညှိနှိုင်းထားရမည်။ ရေစိုပျက်စီးနိုင်သော အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများကိုလည်းမပျက်စီးစေရန် ပြင်ဆင်ထားရမည်။  ရေပေါ်တွင်ပေါ်နိုင်သည့် အသက်ကယ်ပစ္စည်းများ၊ ဆေးဝါးများကို ကြိုတင်စုဆောင်းထားရမည်။ အနှစ်ချုပ်ဆိုရလျှင် သဘာဝဘေးကြိုတင်တွေးကာ ပြင်ဆင်ရေးများ ဆောင်ရွက်ထားသင့်ကြောင်း ရေးသားလိုက်ရပေသည်။    ။