သမိုင်းဂုဏ်အပြည့် ဥပဓိနှင့် သံမဏိမော်ကွန်း

ခရစ်နှစ် ၂ဝ၂ဝ ပြည့်နှစ်။

လ အားဖြင့် ဒီဇင်ဘာလဖြစ်သည်။ ဒီဇင်ဘာလ ဆိုတော့...သည်နှစ်၏ နောက်ဆုံးလ၊ ဆောင်းဥတု ကာလပေါ့။ ဆောင်းရာသီဥတု၏ အထိအတွေ့၊ အပွေ့အဖက်မှာ ချမ်းချမ်းမြေ့မြေ့၊ အေးအေးစိမ့်စိမ့်ပြီးတော့ ကိုယ်စားပြု သင်္ကေတမှာ ငွေနှင်းမြူနှင့် သဇင်ပန်း၊ ဆိုလိုသည်က ဖြူစင်ခြင်းနှင့် မွှေးမြခြင်းဖြစ်သည်။

ယင်းရုပ်ပုံလွှာ အခင်းအကျင်းများသည်  ပုံမှန်သဘောသဘာဝ အစဉ်အလာ အလှတရားများပင်၊ တကယ်တော့ အေးချမ်းမှုနှင့်  သန့်ရှင်းစင်ကြယ်မှုတို့မှာ ဆောင်း၏နိမိတ်၊ ဆောင်းပုံရိပ်နှင့် ဆောင်း၏ အဝန်းအဝိုင်းအတွင်း ခံစားရသော ရသများပင်တည်း။

ထိုလ၊ ဤလ ချမ်းချမ်းမြမြ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော်(လေ) မွေးဖွား သန့်စင်လာခဲ့ပေသည်။

နှစ်အားဖြင့် ၁၉၄၇ ဆိုတော့ ယနေ့လည်ပြန်ကြည့်သောအခါ ခံစားမှုက တနင့်တပိုး၊ အလင်းအမှောင် ပြိုးပြိုးပြက်ပြက် ရုပ်ရှင်ပြကွက်များနှယ် တဖျတ်ဖျတ်၊ ရင်မှာတလှပ်လှပ်၊ ဆယ်စုနှစ်  ခုနစ်ဆယ်ကျော် သုံးနှစ်စွန်းခဲ့ပြီကိုး။ သမိုင်းခေတ် ရေအလျဉ်များကို ဖြတ်သန်းရင်း အဆစ်အပိုင်းလိုက် အကြမ်းအခက်များ တကယ်ရှိခဲ့ပေလိမ့်မည်။ တချို့မှာ  ကိုယ်တိုင်ပါဝင်ခဲ့ကြ၊ တချို့က သူရဲကောင်းပီပီ  အသက်ပေးဆပ် စွန့်လှူခဲ့ကြ၊ တချို့ကျပြန်တော့ သမိုင်းစာမျက်နှာများပေါ်က အဖတ်၊ အသိ၊ အမြင်၊ အကြားတို့ကြောင့် နှီးရင်းမှုရှိခဲ့ကြ စသည်ဖြင့်ပေါ့လေ ရှိကြပါ၏။ မည်သို့ဆိုစေ သမိုင်းတစ်ခေတ်၏ ခြေခြေမြစ်မြစ်ဖြစ်စဉ်များကား မေ့ထား၍မရ၊ ချန်ထား၍လည်းမရပါ။ ယုတ်စွအဆုံး ကျွန်တော်ဖတ်ဖူးသည့် အဆိုအမိန့်လေးတစ်ခုကို သတိတရရှိနေမိပြန်သည်။  ''သမိုင်းသည်...အလိုလိုနောက်ကြောင်းပြန်တတ်သည်''  တဲ့၊ ကျွန်တော်မမေ့ မှတ်မှတ်ထင်ထင်ရှိနေဆဲ။

မြန်မာ့တပ်မတော်တွင် လက်ရုံးဝန်ထမ်း၊ ခြေလျင်ခြေမြန်စသည်ဖြင့် တပ်ပိုင်းဆိုင်ရာ စစ်အင်္ဂါစဉ်အရ ဖြစ်စေ၊ စစ်နည်းဗျူဟာအရဖြစ်စေ ဖွဲ့စည်းဆောင်ရွက်ခြင်းများရှိပါ၏။ လုပ်ငန်းဗီဇ အရင်းအမြစ်များအပေါ် အခြေခံခြင်းလည်း ဖြစ်ပေလိမ့်မည်။ တပ်မတော်(လေ)မူကား ''စစ်လက်ရုံး'' အစိတ်အပိုင်းဖြစ်ပါသည်။ စစ်လက်ရုံးမည်သည် ခိုင်ခံ့ခြင်း၊   မာကျောခြင်း၊ စွမ်းအားထက်မြက်ပြည့်စုံခြင်းကို  အခြေခံ၏...

တဲ့။ ကြည့်လေ...မြန်မာအဘိဓာန်ဖွင့်ဆိုချက်၌ ''တပ်မတော်ဆိုသည်မှာ ကြည်း၊ ရေ၊ လေ ဆိုင်ရာ ကာကွယ်ရေးတပ်ပေါင်းစု'' ဖြစ်သည်ဟု တွေ့ရပေလိမ့်မည်။

တပ်မတော်(လေ)၏ ပုံရိပ်ကို လေ့လာကြည့်သောအခါ ကြီးမားသော ထုထည်၊ လေးနက်သော သစ္စာတရား၊ မြင့်မီသော စွမ်းရည်တို့၌  တည်မှီနေကြောင်း တွေ့ရပေသည်။ တပ်မတော်(လေ)ဟုဆိုလိုက်သည်နှင့် ကျွန်တော့်ရင်မှာ စိမ်းစိုသောအသိနှင့် စွဲနစ်သော ခံစားမှုတို့ဖြစ်ပေါ်လာပါသည်။ စင်စစ်ခံစားမှု၏ အနက်ရှိုင်းဆုံးမှာစိတ်ဓာတ်ပိုင်းတွင်မာကျောခြင်း၊ သံမဏိနှယ်  ကျစ်လျစ်ခြင်းတို့ကို တွေ့ရှိရပါ၏။ ဖြစ်ရပ်များစွာ ရှိသည့်အနက် ဖြစ်စဉ်လေးနှစ်ခုကို သာဓကပြု ညွှန်းလိုပါသည်။

ထိပ်တန်းစစ်ခေါင်းဆောင် တစ်ဦးဖြစ်ပါ၏။ တာဝန်ယူမှု၊  တာဝန်ခံမှု၊ တာဝန်ကျေပွန်မှုနှင့် အောက်ခြေအဆင့် တာဝန်တစ်ခုကို လိုက်ပါဆောင်ရွက်ရင်း မိမိအသက်ကို ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် ဒုတိယဗိုလ်မှူးကြီး အက်စ်ခင်၊ ထိုစဉ်က သူ၏ရာထူးမှာ လေတပ်ဦးစီးချုပ် ဖြစ်၏။ ကူမင်တန်ပြည်ပ ကျူးကျော်မှု အစပိုင်းကာလ၊စစ်လက်နက်ပစ္စည်း ချို့ချို့တဲ့တဲ့၊ ၁၉၅ဝ ပြည့်နှစ် ဇွန် ၁၅၊ ကျိုင်းတုံလေယာဉ်ကွင်း၊ အောက်စဖို့အပေါ့စား လေယာဉ်တွင် ဒုံးပျံလက်နက် တပ်ဆင်ကာ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပျံသန်းစဉ် လေယာဉ်တောင်ပံကျိုး ပျက်ကျပြီး အသက်ဆုံးရှုံးခဲ့ရပါသည်။   စစ်ပွဲ၏ချိန်ခွင်လျှာကို လေကြောင်းစွမ်းရည်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည့် စွန့်လွှတ်စွန့်စားစိတ်ပင်၊ သူ့စိတ်ဓာတ်နှင့် သူ့အောင်လံထူခဲ့သည့် လေသူရဲကောင်းဟု ဆိုရမည်။

သာမန်လေသူရဲအရာရှိငယ် တစ်ဦး၏  အသက်စွန့် တိုက်ပွဲဝင်ခဲ့သည့် မြန်မာ့ကောင်းကင်ယံမှ လေကြောင်းစစ်ပွဲ၊ လေယာဉ်ချင်း စီးချင်းထိုး စစ်ပွဲမှတ်တမ်းပင်၊ ဇာတိမာန်စိတ်ကိုတွေ့ရ၏။ မြန်မာ့မြေပေါ် ကျူးကျော်လာသည့် ကူမင်တန်ကျူးကျော်စစ် ကာလ၊ ရန်သူကို ရိက္ခာပို့ အင်ဂျင်စက်လေးလုံးတပ် လေယာဉ်ကြီးနှင့် မြန်မာ့ကင်းထောက် တိုက်လေယာဉ်သုံးစင်း ရင်ဆိုင်တွေ့ဆုံမှုဖြစ်၏။ တိုက်လေယာဉ်သုံးစင်းမှာ လေသူရဲဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ဖြစ်သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၊  တာချီလိတ်မြို့ အနောက်ဘက် ဝမ်ပန်ဆန်းရွာ  ကောင်းကင်ပြင်၌ လေယာဉ်ချင်းတွေ့ဆုံ ထိုးစစ်ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ မြန်မာနိုင်ငံတွင် ဤဖြစ်ရပ်မျိုး ဤတစ်ကြိမ်တည်းသာဖြစ်ပွားခဲ့ပြီး ကမ္ဘာကျော်ခဲ့သည်။ ရန်သူ့လေယာဉ် မီးလောင်ပျက်ကျခဲ့သလို မြန်မာ့လေသူရဲ ဗိုလ်ပီတာ လေယာဉ်နှင့်အတူ အသက်ပေး ကျဆုံးခဲ့ရသည်။ ထိုစဉ် က ဗိုလ်ပီတာမှာ ဒုဗိုလ်အဆင့်သာရှိပါသေးသည်။ စစ်သူရဲ၏ နောက်မတွန့်သည့် စွန့်လွှတ်စိတ်ဓာတ်ပင်။ သူ့သွေးနှင့်အတူ စီးမျောလာသည့် သူရဲကောင်းဟုဆိုရမည်။

ယင်းဖြစ်စဉ်များမှာ တပ်မတော်(လေ)၏  သမိုင်းတံခွန် လွှင့်ထူနိုင်ခဲ့သည့် သံမဏိမော်ကွန်းပင်ဖြစ်၏။ နီရဲသော သတ္တိသွေးနှင့် ဇာတိမာန်၊ စွန့်လွှတ်ခြင်း၏ သင်္ကေတဖြစ်သည်။ တကယ်တော့ မြင့်မြတ်သည့် လေသူရဲကောင်း စိတ်ဓာတ်များပင်၊  မှန်ပါသည်။ သူရဲကောင်းဟူသည် စစ်ရပ်မြေ၊   စစ်တလင်း၌ မှတ်ကျောက်တင်ခံရမြဲ၊ သည်ယနေ့တိုင် တပ်မတော်(လေ)တွင် ထိုထိုသော သူရဲကောင်းတို့၏  သတ္တိသွေး စွန်းထင်းနေသည့်   နှလုံးသား ဝိညာဉ်များက ရစ်ပတ်ထုံမွမ်းစိမ့်ဝင်လွှမ်းခြုံနေဆဲဟု မြင်ယောင် ခံစားနေမိပါသည်။

ခေတ်တိုင်းခေတ်တိုင်းတွင်  အဟောင်းနှင့်အသစ် အကူးအသန်းသည် မထူးဆန်းလှ၊  ပမာပုံခိုင်းနှိုင်းရမည်ဆိုလျှင် သစ်ပင်တို့မည်သည် သက်တမ်းတည်သမျှ ရွက်ဟောင်းကြွေသက်၊ ရွက်နုထွက်မြဲ၊ သာမန်အားဖြင့်ကြည့်လျှင် သဘာဝပေါ့၊ သို့သော်  မိခင်သစ်ပင်ကြီး၏ အကန့်အသတ် အခန့်အခွဲ  ခန့်ခွဲမှု ပါဝင်နေသည်ဟု ခံစားမိသည်။ တပ်မတော် (လေ)သည် သက်တမ်းတည်သလို သက်တမ်းရှည်ခဲ့ပြီ ဖြစ်၏။ အဟောင်းအသစ် လည်ပတ်မှုစနစ် စည်းတာခိုင်မာအောင် ထိန်းချုပ်ခန့်ခွဲနိုင်ခဲ့သည်ဟု  ဆိုရပေမည်။ လူ့အရင်းအမြစ်ခွန်အားနှင့်  စွမ်းရည်ကို ပေါင်းမီကမ်းဆက် ချီတက်နိုင်ခဲ့လေပြီ။ နှစ်ကာလကို  တွက်စစ်သော် စိန်ရတုကာလတိုင် နီးခဲ့ပြီဖြစ်၏။ အဟောင်းနှင့်အသစ် ဝိရောဓိရင်းမြစ်များကို ထိန်းညှိရင်း  ယနေ့ တပ်မတော်(လေ)၏ ဥပဓိကား အားမောင်းပြည့်ဝသော အနေအထားဟု ဆိုရပေလိမ့်မည်။

တပ်မတော်(လေ) ပေါ်ထွက်လာသည့် နှစ်ကာလသည် ပဋိပက္ခ အားပြိုင်မှုများပြည့်နေကြောင်း တွေ့ရပေသည်။ ၁၉၄၇ ခုနှစ် သမိုင်းအကွေ့အချိုးနှင့် နိုင်ငံရေး ရေချိန်မှာ တည်ငြိမ်မှုမရှိလှ၊ အရုန်းအကြွများ ရှိနေကြောင်း တွေ့ရပါသည်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေရင်း လက်တစ်ကမ်းအလို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအချို့ လုပ်ကြံခံခဲ့ရသည့်  ဖြစ်ရပ်ဆိုးကြုံတွေ့ရပါသည်။ တိုင်းပြည်အတွက် ကြေကွဲစရာ အဖြစ်နှင့် ဆုံးရှုံးမှုကြီးတစ်ခုပင်။

ထိုကာလမှ ၄ လနှင့် ၂၆ ရက်အကြာ ဒီဇင်ဘာ ၁၅ ရက်တွင် တပ်မတော်(လေ)  မွေးဖွားပေါ်ပေါက်လာခဲ့ပါသည်။ ထူးခြားမှုဟုဆိုရမည်။  ပြန်ကြည့်လျှင် တစ်ဖက်မှာ ဆုံးရှုံးမှု၊ သည်မှာဘက်၌  နိုင်ငံအတွက် ကာကွယ်ရေး လက်ရုံးတစ်ခုတိုးခြင်းမို့ အားတက်ဖွယ်ဟုဖြေသာ တွေးနိုင်ပါသည်။  ထို့ထက်ထူးခြားခြင်းမှာ ထိုမှ ရက်ပေါင်း ၂ဝ အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြန်သည်။ လူ့သမိုင်းတွင် တစ်ခါတစ်ခါ ပဉ္စလက်ဆန်သော အဖြစ်များ ဖြစ်တတ်သည်ဟုဆိုရပါမည်။

စင်စစ် ဆုံးရှုံးမှုနှင့် အောင်မြင်မှုသည် သဘောတရားရေးရာအရ အတုံ့အလှည့်  တန်ပြန်သဘောဆောင်ပေလိမ့်မည်။  တပ်မတော်(လေ) အနေဖြင့်မူ လာခြင်း ကောင်းမြတ်၏။ ရာသီကာလ  သဘာဝဟန်ပန်ဖြင့်ကြည့်၊ အပူမဟုတ်၊  ဆောင်းကာလအေးမြခြင်းသရုပ်၊   အကောင်းဘက်ကို ဦးတည်၏။

လွတ်လပ်ရေးပန်းတိုင်နှင့် တစ်သားတည်း မြင်ကြည့်သောအခါ တပ်မတော်(လေ) ဖွဲ့စည်းပေါ်ထွက်လာခြင်းမှာ ကာကွယ်ရေး အစုအဝန်းမို့ အင်အားနှင့် အရှိန်အဟုန်သည် အကူအပံ့ တစ်ခုသဖွယ် သက်ရောက်မှုဖြစ်စေ တန်ရာသော အနေအထားမျိုးလား ကောက်ချက်စွဲ စဉ်းစားစရာဖြစ်ရသည်။  မင်္ဂလာနှင့်ပြည့်စုံပါ၏။

ခေတ်တစ်ခေတ်အတွက် အလှည့်အပြောင်းဖြစ်စရာ တံခါးတစ်ချပ်ဖွင့်လာခြင်း သို့တည်းမဟုတ် သမူဟ မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှ ဖူးပွင့်လာသည့် ပန်းလေးတစ်ပွင့်ဟု တင်စားချင်ပါသည်။

ထိုပန်းကလေး၏ ဗီဇအမှန်ကို လေ့လာကြည့်သောအခါ နယ်ချဲ့လက်အောက်ခံဘဝ ၁၉၃၄  ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရန်ကုန်လေယာဉ်မောင်း ကလပ်ဖွင့်လှစ်ခဲ့ခြင်းက အခြေခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။ လေကြောင်းပညာရပ်ကို စိတ်ဝင်စားလာမည်။ ယုံကြည်မှု ရှိလာမည်။ ထိုမှတစ်ဆင့် ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလတွင် ဗမာ့အပျော်တမ်း လေတပ် (BVAU)အစုအဖွဲ့၊ (BVAF)အဖွဲ့အစည်း၊ ပြီးမှ ဗမာ့တပ်မတော်(လေ)( BAF)၊ မြန်မာ့တပ်မတော်(လေ)( MAF) စသည်ဖြင့် အဆင့်ဆင့် ဖြတ်သန်းလာခဲ့ခြင်းဖြစ်၏။

တပ်မတော်(လေ)စတင်စဉ်က ဗြိတိသျှ စစ်လက်ကျန် တိုက်ဂါးမော့သ်၊ တွင်အော်တာနှင့်   အောက်စဖို့ လေယာဉ်အနည်းငယ်သာ လက်ခံရရှိခဲ့ပါသည်။  ရှိသမျှစစ်လက်နက် ပစ္စည်းများကို  အခြေတည်ကာ စက်မှုလက်မှုပိုင်းနှင့်   ပျံသန်းရေးပိုင်းတို့အား ဆင့်သထက်ဆင့်ကာ မြင့်သထက်မြင့်အောင်  ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်မှာ  အလွန်ခက်ခဲလှပါသည်။ မင်္ဂလာဒုံကိုအခြေပြုကာ လေယာဉ်မောင်းသင်တန်း ကျောင်း ဖြစ်အောင်ဖွင့်ခဲ့သည်။ တစ်ဖက်တွင်လည်း တိုင်းပြည်၏ ရင်ဆိုင်နေရသည့်အဖျက်ရန် သောင်းကျန်း သူများကို နှိမ်နင်းခဲ့ရပါသေးသည်။

ရရှိလာသည့် လွတ်လပ်ရေးက  နုနုနယ်နယ်၊ ရေခံမြေခံ ဒီမိုကရေစီအခင်းအကျင်းက  နုံနဲ့နဲ့၊ အဖွဲ့အစည်း နိုင်ငံရေးဝါဒ အရောင်အသွေး အမျိုးမျိုး၏ တိုးဝင်မွှေနှောက်မှု    အလှုပ်အခတ်ကလည်း ထိန်းမရ၊   ထိုထိုသောပြဿနာ မုန်တိုင်းကြမ်းက ပြည်တွင်းဝင်မွှေ့ ရိုင်းပျခဲ့လေပြီ။ ပြည်တွင်းစစ်မီးသည် စသည်ဆိုသည်နှင့် ထိန်းမရတော့။ သတင်းစာဆရာကြီး တစ်ဦးက ''ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ် စုံအညီနဲ့''ဟူ၍ ခေတ်ကိုဖော်ထုတ် စာတစ်အုပ်ရေးခဲ့ကြောင်း တွေ့ရှိရပါသည်။

ထိုစဉ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပြည်ပနိုင်ငံအချို့က  ရန်ကုန်အစိုးရဟု ခေါ်တွင်လာသည်အထိ ရန်သူပတ်လည် ဝိုင်းနေသည့်အချိန်ဖြစ်၏။ တပ်မတော်(လေ) သက်တမ်းမှာ သုံးလေးလ သာသာခန့်သာ။ ဝန်နှင့်အားက မမျှ၊ မြန်မာ့တပ်မတော်နှင့် အတူ ရင်ပေါင်တန်းကာ ရင်ဆိုင်ခဲ့ရသည့် ထိုးစစ်များကား ကြမ်းကြမ်းခက်ခက်၊ လေးလံလေးပင်လွန်းလှပါ၏။ မည်သို့ဖြစ်စေ တပ်မတော်၏  အမိနိုင်ငံအတွက် အနိုင်မခံ သန္နိဋ္ဌာန်စိတ်ဖြင့် တွန်းလှန်ချေမှုန်းကာ အဆုံးသတ် အောင်ပွဲများ ရယူနိုင်ခဲ့ပါသည်။

လွတ်လပ်ရေးသည် မျဉ်းဖြောင့်တစ်ကြောင်း ဖြစ်ပါ၏။ ယုံကြည်လည်း ယုံကြည်ပါ၏။ သို့ရာတွင်   ထိုမျဉ်းဖြောင့်အပေါ် အထူအပါး သံသယမြင်သူများရှိကြပါလိမ့်မည်။ ယင်းအမြင်များမှ ဆက်နွှယ်ဆင့်ပွားကာ ဖြစ်ပေါ်လာသည်က ပြည်တွင်းစစ်ပဋိပက္ခများပင်တည်း။ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ် မတ်လ၊ ဇူလိုင်လ၊  သြဂုတ်လ၊ စက်တင်ဘာလတို့တွင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားများ အသီးသီးတောခိုရာမှ ရောင်စုံသောင်းကျန်းသူများ ဖြစ်လာ၏။ တစ်ဆက်တည်း ကူမင်တန် တရုတ်ဖြူများ တပ်အဖွဲ့အစည်းလိုက် ကျူးကျော်မှုသည် ၁၉၅ဝ ပြည့်နှစ်တွင် အင်အားကြီးစွာ ရှမ်းပြည်အရှေ့ပိုင်းမြို့များအထိ အခြေချလာမှုများကိုလည်း ရင်ဆိုင်စစ်ဖြင့် ဖြေရှင်းခဲ့ရပါသည်။

ပြည်တွင်းစစ်မီးကား အရှိန်ကြီးမားခဲ့သလို ကာလအရှည်ဆန့်ထွက်လာမှုသည်လည်း မပြီးဆုံးနိုင်သေး၊ စစ်ပွဲကြီးငယ်ပေါင်းများစွာကို  ရင်ဆိုင်ဆင်နွှဲရင်း အသက်၊ သွေး၊ ချွေးနှင့် စစ်လက်နက်ပစ္စည်းများ ပေးဆပ်ခဲ့ရသည်။ သမိုင်းအရင်းအမြစ်၊ စစ်ရင်းမြစ်များသာတည်း။ စစ်ပွဲများအတွင်း လေယာဉ်/ရဟတ်ယာဉ်များ ဖြည့်တင်းခဲ့ရသလို အတွေးအမြင် အသိမြင့်လာခဲ့သည်။ စစ်ပွဲတစ်ပွဲ၏ ဗဟိုချက်အလှည့်အပြောင်းသည် လေကြောင်းစွမ်းရည်၌ တည်မှီနေကြောင်း သိလာရပေသည်။ ဆိုလိုသည်မှာ ပညာခေတ်၏ စစ်မှုနည်းပညာ အသစ်အသစ်များ ဆန်းသစ်မှုနှင့် ခေတ်ကို ဆန်တက်လာခြင်းပင်ဖြစ်၏။

တပ်မတော်(လေ)သည် အခြေခံရင်းမြစ်အရပင် သိပ္ပံနှင့်နည်းပညာ၏ ဆက်နွှယ်မှု ကွန်ရက်အတွင်းမှ ဖြစ်၏။   နည်းပညာပိုင်း ပွတ်တိုက်မှုများနှင့်အတူ တီထွင်ဆန်းသစ်မှုများကြောင့် နိုင်ငံတကာနှင့် ယှဉ်နိုင်ရန်  ကြိုးပမ်းလာရသည်။   အဓိက လေကြောင်းစွမ်းရည်ပင်။ ၁၉၉ဝ ပြည့်နှစ်အတွင်း   ဂျက်တိုက်လေယာဉ်များ ဖြည့်တင်းလာခဲ့သည်။ ပျံသန်းရေး၊ စက်မှုလက်မှုနှင့်  အီလက်ထရွန်နစ်ပညာရပ်များ ကျယ်ပြန့်လာစေရေးတို့ အတွက်  စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သည်။ တစ်ဖက်မှာလည်း တပ်တော်ဝင် အခမ်းအနားများပြုလုပ်၍  လေယာဉ်/ရဟတ်ယာဉ်များ  ဝယ်ယူလွှဲပြောင်း  ဖြည့်တင်းမှုများ ဆောင်ရွက်လာခဲ့ပေသည်။

၂ဝ၁ဝ ပြည့်နှစ်မှစ၍ တပ်တော်ဝင် အခမ်းအနားများ ပြုလုပ်လာခဲ့သည်မှာ  (၁၁)ကြိမ်ရှိခဲ့လေပြီ။ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် ဝယ်ယူလွှဲပြောင်း ဖြည့်တင်းပေးခဲ့သည်မှာ ၉၇ စင်းထိ ရှိလာနေပြီဖြစ်၏။ ''တက်နိုင်ဖျားရောက်''ဟူသည့် တပ်မတော်(လေ)၏ဆောင်ပုဒ်အရ ပျံသန်းရေးသည် အဓိကပင်။ သို့ရာတွင် စက်မှုလက်မှုနှင့်  အီလက်ထရွန်နစ် ကဏ္ဍပိုင်းကိုလည်း ပညာမြင့်မီ ဟန်ချက်ညီညီဖြစ်လာစေရန်အတွက်   ပြည်တွင်းပြည်ပ သင်တန်းများ ဖွင့်လှစ်စေလွှတ် ထိန်းကျောင်းမှုဖြင့် စီမံခန့်ခွဲလာခဲ့ရပေသည်။

တပ်မတော်(လေ)၏ ဗဟိုချက်ဟု   ခေါ်တွင်လောက်စေသည့် မြန်မာပြည်အလယ်ပိုင်းရှိ မိတ္ထီလာမြို့ကလေးတွင်  ပျံသန်းရေးအပါအဝင်  ဝေဟင်၊မြေပြင်အတတ်များကို   သင်ကြားပေးနေသည့် ကျောင်းကြီးများကလည်း  အသင့်ရှိနေပြီဖြစ်၏။ ထူးခြားမှုအနေဖြင့် ၂ဝ၁၈ ခုနှစ်မှစတင်ကာ  အမျိုးသမီး လေသူရဲများ နှစ်စဉ်မွေးထုတ်ပေးနိုင်ခဲ့ပြီဟုဆိုလျှင် သမိုင်းတစ်ခေတ် ဆန်းသစ်စေခဲ့ပြီဟု ပြောရပေမည်။

တပ်ပိုင်းအနေဖြင့်လည်း တပ်စခန်းများ တိုးချဲ့ဖွဲ့စည်း လာသကဲ့သို့ လေတပ်စခန်း ဌာနချုပ်ကြီးများ အဆင့်ထိ မြှင့်တင်လာနိုင်ခဲ့ကြောင်း တွေ့ရှိလာရပေသည်။

စင်စစ်တပ်မတော်(လေ)သည် အခက်အခဲများကြားမှ ရုန်းကန်ထိုးထွက်လာသည့် သစ်ပင်လေးတစ်ပင်ဖြစ်၏ ဆိုလျှင် လွန်အံ့မထင်။  စတင်ပေါ်ထွက်ခဲ့ပြီး မကြာမီသောကာလ၌ပင် လေယာဉ်မောင်း သင်တန်းကျောင်းကို ကြိုးပမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ထိုသစ်ပင်လေး၏ တစ်ပွင့်တည်းသာ  ပွင့်နိုင်သေးသည့် အနေအထားနှင့် အားမာန်ဟုဆိုရပေမည်။  စွမ်းရည်နှင့် စိတ်ဓာတ်ပင်။ ယင်းအခြေအနေမှသည် ကြီးထွားသန်စွမ်းသည့် သီးပွင့်ဝေဆာသော သစ်ပင်ကြီးဘဝသို့ ရောက်ခဲ့လေပြီ။ ယနေ့ ၂ဝ၂ဝ ပြည့်နှစ်တွင် လူ့ရင်းမြစ်စွမ်းအားအပြည့်၊ လေကြောင်းစွမ်းရည်အရလည်း တန်းဆင့်မီလာခဲ့ပြီ။ တပ်မတော်(လေ)ရှေ့ဆက်မည့် အနာဂတ် လမ်းခရီးကလည်းအသင့်၊  သက်တမ်းတည်သမျှ  သက်တမ်း ရှည်နေပေလိမ့်မည်။ တပ်မတော်(လေ)ကိုယ်စားပြုတည်မှီရာ   မြန်မာ့တပ်မတော် ကာကွယ်ရေး ရပ်ဝန်းကြီးတစ်ခုလုံးလည်း   မြင့်မားလာနေဦးမည်သာ။    ။

မောင်လတ်(ကမ်းရိုးတန်း)