သမိုင်းမတင်မီက လူသားများ ကြေးထည်များကို ငွေကြေးအဖြစ်အသုံးပြုဟုဆို

ဝါရှင်တန်၊ ရှေးဟောင်းသုတေသန

သမိုင်းမတင်မီကာလ ကြေးခေတ်တွင် အလယ်ဥရောပဒေသ၌နေထိုင်သူများက ကြေးထည်များကို ငွေကြေးအဖြစ် အသုံးပြုကြောင်း သုတေသနတစ်ခုက ဖော်ပြထားသည်။ အဆိုပါသုတေသနကို နယ်သာလန်နိုင်ငံ လိုင်ဒင်တက္ကသိုလ်မှ   သုတေသီများကပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါလူသားများသည် အကြမ်းဖျင်းစံပြုသတ်မှတ်ထားသည့်ပုံစံများဖြစ်သော ကြေးလက်စွပ်များ၊ ကြေးကိုင်းများနှင့် ပုဆိန်သွားများကို ငွေကြေးအဖြစ်သတ်မှတ်ခြင်းဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

သုတေသနလုပ်ရာတွင် ပါဝင်သော ကြေးပစ္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ခန့်က ပစ္စည်းများဖြစ်ပြီး ထိုအချိန်က အလယ်ဥရောပဒေသတွင်နေထိုင်သူများသည် ကြေးထည်ပစ္စည်းများ၊  ကြေးလက်နက်များ၊ သံချပ်ကာများနှင့် ကြေးဖြင့်ပြုလုပ်ထားသော အခြားအရာဝတ္ထုများကို အသုံးပြုသည့်ကာလဖြစ်သည်။ သို့သော် အဆိုပါကြေးထည်များသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးငွေကြေးများမဟုတ်ဘဲ ၎င်းင်းတို့ထက်ရှေးကျသည်က လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယားဒေသ၌ အသုံးပြုသည့်ဒင်္ဂါးပြားများဖြစ်ကြောင်း သိရသည်။