သမ္မတအဖြစ် ဂျိုးဘိုင်ဒင်တာဝန်မထမ်းဆောင်မီ အစွမ်းထက်ပဲ့ထိန်းဒုံးကျည်တစ်စင်းကိုဖော်ပြခဲ့သည့် မြောက်ကိုရီးယား

 

အမေရိကန်၌ သမ္မတအဖြစ် ဂျိုးဘိုင်ဒင် တာဝန်မထမ်းဆောင်မီ  တစ်ပတ်အလိုတွင် မြောက်ကိုရီးယား နိုင်ငံက ၎င်းတို့၏  အစွမ်းထက်လက်နက်စနစ်တစ်ခုကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဖော်ပြခဲ့ သည်။ ဖော်ပြခဲ့သည့်လက်နက်စနစ်မှာ ရေငုပ်သင်္ဘောအခြေပြု ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြစ်ပြီး  ယင်းလက်နက်ကို  ဇန်နဝါရီ ၁၄ ရက်က ပြုံယမ်းမြို့တော်၌ ကျင်းပသည့်   စစ်ရေးပြအခမ်းအနား တစ်ခုတွင်  ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပဲ့ထိန်းဒုံးကျည်သည် ကမ္ဘာပေါ်၌      စွမ်းဆောင်ရည်အမြင့်ဆုံး   ဒုံးကျည်အဖြစ် မြောက်ကိုရီး ယားကပြောကြားခဲ့ပြီး ဒုံးကျည်များကို ကင်အီဆုန်ရင်ပြင်သို့ တစ်စင်းပြီးတစ်စင်း ထုတ်ဖော်ပြသ ခြင်းဖြစ်သည်။ မြောက်ကိုရီးယားအနေဖြင့် အင်အားအတောင့်တင်းဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်နေစဉ် စစ်ပွဲကိုတားဆီးနိုင်မည့် နိုင်ငံ၏နျူကလီးယားကာကွယ်တားဆီးရေး စွမ်းရည်ကိုလည်းမြှင့်တင်ရမည်ဖြစ်သည်ဟု ခေါင်းဆောင်ကင်ဂျုံအွန်က  ပြီးခဲ့သည့်ရက်သတ္တပတ် အစောပိုင်းတွင် ပြောကြားထားသည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြားဆက်ဆံရေးသည် ရာထူးမှနုတ်ထွက်တော့မည့်   သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင်  ပြန်လည်ကောင်းမွန်လာမည့်အလားအလာများ ထွက်ပေါ် လာခဲ့သော်လည်း   နှစ်နိုင်ငံခေါင်းဆောင်များကြား ကျင်းပသည့်တွေ့ဆုံဆွေးနွေးမှုများအတွင်း သဘော တူညီချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိသောကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ နောက်ဆုံးတွင် သောင်မတင်ရေမကျအခြေအနေတွင်ပင်ရှိနေသည်။

နှစ်နိုင်ငံဆက်ဆံရေးသည် သမ္မတသစ်အဖြစ် မကြာမီ  စတင်တာဝန်ထမ်းဆောင်တော့မည့်   ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်း တိုးတက်လာမှုရှိ၊ မရှိမသိရသေးပေ။  အကြောင်းမှာ  မြောက်ကိုရီးယားအစိုးရက  ၎င်းတို့၏နျူကလီးယားအစီအစဉ်ဖော်ဆောင်နေခြင်းကို လျှော့ချရန် သဘောတူညီမှသာလျှင် အမေရိကန်က   တွေ့ဆုံဆွေးနွေးပွဲများ   ကျင်းပမည်ဟု ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ပြောကြားထားခြင်းကြောင့် အမေရိကန်၏ အဆိုပါတောင်းဆိုချက်ကို    လိုက်နာမည့် အခြေအနေနည်းပါးလျက်ရှိသည်။

ထို့ပြင် အမေရိကန်သည် နိုင်ငံအပေါ်ပိတ်ဆို့မှုများချမှတ်၍ ရန်လိုသည့်မူဝါဒများကို ကျင့်သုံးလျက် ရှိသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထပ်တလဲလဲပြောကြားထားသည်။ ထို့ကြောင့် မြောက်ကိုရီးယားက ၎င်းတို့၏ အစွမ်းထက်ပဲ့ထိန်းဒုံးကျည်များကိုဖော်ပြလိုက်ခြင်းသည်   အမေရိကန်၌ အစိုးရသစ်မတက်လာမီ မြောက်ကိုရီးယားနိုင်ငံ၏ စစ်လက်နက်အင်အားနှင့် အန်တုမှုကို  ပြသခြင်း ပင်ဖြစ်သည်ဟု  ဆိုနိုင်ကြောင်း သုံးသပ်သူများက ပြောကြားထားသည်။