သူရဲကောင်းများထွန်းကားသည့်နိုင်ငံတော်

 

မြန်မာဝေါဟာရတွင် ကာယသတ္တိသည် မိုက်မဲခြင်းဖြစ်၍ ဉာဏသတ္တိနှင့်တွဲဖက်မှသာ သူရဲကောင်း ဖြစ်နိုင်၏။ ဉာဏသတ္တိသက်သက်သည်လည်း လိမ်ညာခြင်းဖြစ်၍ ကာယသတ္တိနှင့်တွဲဖက်မှသာ သူရဲကောင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူရဲကောင်းဟူသည် ဉာဏ်ပညာလည်းမြင့်မား၍ သတ္တိဗျတ္တိရှိသူဟု ဆိုလိုရင်းဖြစ်ပေသည်။ သူရဲကောင်းဟူသော အဓိပ္ပာယ်အား မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက် တတ်သူဟူ၍လည်း မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ထိုမှတစ်ဆက်တည်းပင် ဆက်လက် လေ့လာသော် အာဇာနည်ဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင် အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊  နှလုံးရည်ထူးကဲသာလွန်၍   အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ၊  ပါဠိစကား အာဇာနေယျဟူ၍ ဖော်ပြထားသည်။

တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးချမ်းသာမှု သုခဖြစ်စေရန်အတွက်  တိုင်းပြည်၏ အဖျက်ရန်မှန်သမျှကို စွန့်စွန့်စားစား တိုက်ပွဲဝင်သူများသည် သူရဲကောင်းများဖြစ်သည်။ မြန်မာနိုင်ငံသည် သူရဲကောင်းများ ထွန်းကားသောနိုင်ငံဖြစ်သည်။ ထိုသူရဲကောင်းများကို လွတ်လပ်ရေးနေ့သို့ရောက်လေတိုင်း   နိုင်ငံတော် သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားများကျင်းပ၍  ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။   မြန်မာနိုင်ငံ သည် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရောင်စုံသောင်းကျန်းသူများ ပေါများခဲ့သလို ပြည်ပ ကျူးကျော်မှုများ နှင့်လည်းကြုံခဲ့ရသည်။ ထိုစဉ်က အစိုးရကိုသစ္စာခံသော   တပ်မတော်၏အင်အားသည်  သောင်းကျန်းသူအင်အားထက်   များစွာလျော့နည်းသည်။

တပ်မတော်ထက် အင်အားနှစ်ဆခန့်များပြားသော လက်နက်ကိုင်သောင်းကျန်းသူများကို တပ်မတော် သည် ရှိသည့်အင်အားဖြင့် တိုက်ထုတ်ခဲ့ရသည်။ ထိုစဉ်ကာလက ထူးထူးချွန်ချွန် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့သူများ အများအပြားရှိခဲ့သည်။ ထိုသူများထဲမှ ပိုမိုထူးချွန်သူများကို စစ်ထုတ်လိုက်သောအခါ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ခြောက်ဦးရှိသည်။ ၁၉၄၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သီဟသူရဘွဲ့ရရှိသူ ၅၀ ဦးနှင့် သူရဘွဲ့ရရှိသူပေါင်း ၅၄၅ ဦးရှိသည်။ သူရဲကောင်းမှတ်တမ်းဝင်နှင့် အခြားသော ဘွဲ့တံဆိပ် ရရှိသူအရေအတွက်မှာလည်း များပြားလှပေသည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့တိုင် အမိနိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည်လျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူများ အပေါ် ကျရောက်လာမည့် ရန်စွယ်အန္တရာယ်မှန်သမျှကို ရဲဝံ့စွန့်စားစွာတိုက်ဖျက်ချေမှုန်းလျက်ရှိသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက်ရှိသည်။ ထိုဒို့တာဝန်အရေးသုံးပါးကို ထိပါး နှောင့်ယှက်ရန် ကြံရွယ်နေသူများ၊ လုပ်ဆောင်နေသူများကို ထိထိရောက်ရောက်ချေမှုန်းလျက်ရှိသည်။ အရိုးကြေကြေ  အရေခန်းခန်း  မကြောက်တမ်း မရွံ့တမ်း တိုက်ပွဲဝင်လျက်ရှိသည်။    တစ်မှုန့်မြေလွှာ၊ တစ်လွှာပန်းပြောက်၊ တစ်ပေါက်ရေစက်ကိုသော်မျှ ထိပါးမခံနိုင်ပါ။ တိုင်းပြည်အကျိုး၊ သယ်ပိုးရည်သန်၊ ထိပါးနွံနစ်၊ ကျွန်ဖြစ်မခံ၊ စွန့်စားမာန်ဖြိုး၊ ရန်မျိုးပယ်လှန်၊ သွေးအသက် ပေးဆက်ဇာတိမာန် စိတ်ထားဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်မှာ ယနေ့ဆိုလျှင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ပေသည်။

တပ်မတော်သားတိုင်းသည်  ငါ့နိုင်ငံတော်၊  ငါ့နိုင်ငံသား၊  င့ါတပ်မတော်အတွက်  ငါ၏အသက်ကို စွန့်လွှတ်ရန် သန္နိဋ္ဌာန်ပြုထားသူများဖြစ်ကြသည်။ တိုင်းပြည်နှင့်လူမျိုးကိုမချစ်သော တပ်မတော်သား ဟူ၍ တစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပါ။ တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ကြရာတွင် လူသာအသေခံမည်၊ အမျိုးဂုဏ်သိက္ခာနှင့် တပ်မတော်၏ အစဉ်အလာ ဂုဏ်သိက္ခာကို အပျက်မခံဘူးဟူသောစိတ်ဖြင့် တာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်သည်။ လေးနက် မွန်မြတ်လှသည့်စိတ်ဓာတ်ဖြင့် မိမိ၏အသက်ထက် တိုင်းပြည်ဂုဏ်၊ လူမျိုးဂုဏ်၊ တပ်မတော်၏ဂုဏ်ကို အထိခိုက်မခံရရေးအတွက် တိုက်ပွဲဝင်သူများအနက်မှ မိမိတို့ကျရာတာဝန်ကို ထက်သန်ပြောင်မြောက် သည့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်သူများကို နှစ်စဉ်ဂုဏ်ပြုလျက် ရှိသည်မှာ ဂုဏ်ပြုထိုက်သူများကိုဂုဏ်ပြုခြင်းဖြစ်ပေသည်။ မင်္ဂလာအပေါင်းနှင့် လွန်စွာပြည့်စုံလှ ပါကြောင်း ရေးသားလိုက်ရပေသည်။   ။