သြစတြေးလျနှင့် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်အားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် တရုတ်

တရုတ်နှင့်သြစတြေးလျ   နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေစဉ် တရုတ် အစိုးရအနေဖြင့် တရုတ်-သြစတြေးလျ မဟာဗျူဟာမြောက်   စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ငန်းစဉ်အရ လုပ်ဆောင်မည့် ဆောင်ရွက်ချက် အားလုံးကို  အကန့် အသတ်မရှိ  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြုပြင်ပြောင်းလဲရေး ကော်မရှင်အဖွဲ့က မေ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

သြစတြေးလျအစိုးရအဖွဲ့မှ  အရာရှိ များက တရုတ်-သြစတြေးလျ နှစ်နိုင်ငံကြား သာမန်လုပ်ဆောင်နေသည့်   ပူးပေါင်းဆောင်ရွက်မှုများ၊ အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများ ရပ်တန့်စေမည့် ဆောင်ရွက်ချက်တချို့ကို   လုပ်ဆောင်ခဲ့ကြောင်း တရုတ်ကော်မရှင်က   ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်-သြစတြေးလျ ဆက်ဆံရေးကို ပြန်ကြည့်မည်ဆိုပါက သြစတြေးလျအစိုးရသည် ၂ဝ၁၈ ခုနှစ်အတွင်း  တရုတ်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HuaWei ၏ 5G  ကွန်ရက်စနစ်ကို ပထမဆုံး အဖြစ် လူသိရှင်ကြား ပိတ်ပင်ခဲ့ပြီးနောက် သိသိသာသာ ယိုယွင်းလာခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင် ဖြစ်ပွားခဲ့သည့်  COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု တစ်ရပ် လုပ်ဆောင်ရန် သြစတြေးလျ အစိုးရက တောင်းဆိုခဲ့သည်။  သြစတြေးလျ အစိုးရ၏  အဆိုပါ တောင်းဆိုမှုသည် နှစ်နိုင်ငံကြား အပြန်အလှန် တုံ့ပြန်မှုများကိုပါ   ဖြစ်ပေါ်စေခဲ့ သည်။

တရုတ်-သြစတြေးလျ    မဟာဗျူဟာမြောက်  စီးပွားရေးဆိုင်ရာ  ဆွေးနွေးမှု လုပ်ငန်းစဉ်အရ နှစ်နိုင်ငံကြား ကျင်းပခဲ့သည့်  နောက်ဆုံးဆွေးနွေးပွဲကို  ၂ဝ၁၇   ခုနှစ်အတွင်းက တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း   နှစ်နိုင်ငံဆက်ဆံရေး    ယိုယွင်းလာခြင်းကြောင့် အခြေအနေမှာ တိုးတက်လာခဲ့ခြင်း မရှိပေ။

ထို့ပြင်   သြစတြေးလျအစိုးရသည် တရုတ်နှင့် ဗစ်တိုးရီးယား ပြည်နယ်အစိုးရအဖွဲ့တို့ကြား  သဘောတူ လက်မှတ်ရေးထိုးခဲ့သည့်    ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှစ်ရပ်ကို    ယခုနှစ် ဧပြီလအတွင်းက   ဖျက်သိမ်းပစ်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် ရည်မှန်း ချက်ကြီးမားလှသည့်     တရုတ်နိုင်ငံ၏ လမ်းကြောင်းတစ်ခု၊ လမ်းမတစ်ခု စီမံကိန်းတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။

အဆိုပါသဘောတူညီချက်ကို   သြစတြေးလျအစိုးရက ဖျက်သိမ်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကန်ဘာရာမြို့ရှိ တရုတ်သံရုံးက သတိပေးခဲ့သည်။  သြစတြေးလျ၏ အဆိုပါ လုပ်ဆောင်ချက်သည် မူလကတည်းက ယိုယွင်းနေသည့် တရုတ်-သြစတြေးလျ ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေမည်ဟု တရုတ်သံရုံးက ဆိုသည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရက တရုတ်-သြစတြေးလျ မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းစဉ်အရ ပူးပေါင်း လုပ်ဆောင်မည့်ဆောင်ရွက် ချက်အားလုံးကို   အကန့်အသတ်မရှိ   ရပ်ဆိုင်းလိုက်ခြင်းသည်   ဗစ်တိုးရီးယား ပြည်နယ်အစိုးရနှင့်    တရုတ်တို့ကြား ချမှတ်ခဲ့သည့် သဘောတူညီချက်နှစ်ခုကို သြစတြေးလျ အစိုးရက ဖျက်သိမ်းခဲ့ခြင်းအပေါ်    လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။

အလားတူ သြစတြေးလျအစိုးရသည် နိုင်ငံမြောက်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုအား တရုတ်ကုမ္ပဏီတစ်ခုထံ     နှစ်ပေါင်း ၉၉  နှစ်ကြာ  ငှားရမ်းမှုကို  ပြန်လည် သုံးသပ်လျက် ရှိသောကြောင့် အကယ်၍ ဆိပ်ကမ်းငှားရမ်းမှုအား   သြစတြေးလျ အစိုးရက   ဖျက်သိမ်းလိုက်မည် ဆိုပါက တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားဖွယ်ရှိသည်။  သြစတြေးလျ အစိုးရ၏ ဆောင် ရွက်ချက်များသည်  တရုတ်နိုင်ငံအပေါ် တရားမျှတမှုမရှိ   အဓိက ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း တရုတ်ကော်မရှင်က စွပ်စွဲထားသည်။

နှစ်နိုင်ငံကြား   သံတမန်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားနေစဉ်  တရုတ်အစိုးရသည် လက်ရှိတွင် ကျောက်မီးသွေးနှင့်ဝိုင်အပါအဝင်   သြစတြေးလျနိုင်ငံမှ  ကုန်ပစ္စည်းများ  နိုင်ငံအတွင်း တင်သွင်းမှုကို ပိတ်ပင်ထားလျက်ရှိသည်။

တရုတ်အစိုးရက  လက်တုံ့ပြန်သည့် အနေဖြင့် လုပ်ဆောင်ခဲ့သော မဟာဗျူဟာ မြောက်  စီးပွားရေးဆိုင်ရာ  ဆွေးနွေးမှု လုပ်ငန်းစဉ်အရ  နှစ်နိုင်ငံကြား ပူးပေါင်း လုပ်ဆောင်မည့် ဆောင်ရွက်ချက်အားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းသည် သြစတြေးလျနိုင်ငံအပေါ်  အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိနိုင်မည်ဟု  တချို့က  သုံးသပ်ပြောဆိုထားသည်။

သြစတြေးလျနိုင်ငံသည်    ပြီးခဲ့သည့် ၁၂ လအတွင်း  (ယခုနှစ် မတ်လအထိ)  သြစတြေးလျဒေါ်လာ  ၁၄၉   ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ဝ၄ ဘီလီယံ)  တန်ဖိုးရှိ  ကုန်ပစ္စည်းများကို တင်ပို့ထားပြီးဖြစ်သည်။   အဆိုပါပို့ကုန်များတွင် တခြားဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ခြင်းမရှိပေ။

ထို့ပြင် သြစတြေးလျနိုင်ငံသည် ကမ္ဘာ ပေါ်၌  အရည်အသွေး အကောင်းဆုံးသော သတ္တုရိုင်းများကို ထုတ်လုပ်နေဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် နှစ်နိုင်ငံကြား    စီးပွားရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တရုတ်နိုင်ငံက  အကန့်အသတ်မရှိ   ရပ်ဆိုင်းလိုက်ခြင်း သည်   ထိရောက်မှု အနည်းငယ်ကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနေဖြင့် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့်    သံတမန်ဆက်ဆံရေး တင်းမာမှုများ  လျော့ကျစေရေးအတွက်  တွေ့ဆုံဆွေးနွေး၍   အဖြေရှာခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ် ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   

Ref: CNA, ABC