ဟင်္သာတမြို့နယ်၊ ဗြည့်ဇင်ကုန်းကျေးရွာ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်၌ လူစုခွဲဖြိုခွဲစဉ် ဆူပူအကြမ်းဖက်သူ ၃ ဦးနှင့် ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၈

 ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး မှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ သာဓုချောင်း တိုက်နယ်ဆေးရုံဖွင့်ပွဲ ဆောင်ရွက်ရန်၊ ကျေးရွာအုပ်ချုပ်ရေး အထောက်အကူပြု အဖွဲ့များ တွေ့ဆုံရန်နှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ဇလွန်မြို့နယ်၊ သာဓုချောင်း ကျေးရွာသို့ ဧပြီ ၇ ရက်တွင် စက်လှေများဖြင့် ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲခန့်တွင် ဟင်္သာတမြို့နယ်၊ ဗြည့်ဇင်ကုန်းကျေးရွာသို့ ကမ်းမကပ်မီ ကိုက်(၃၀၀)ခန့်အကွာသို့ အရောက်၌ ကျေးရွာအနီး တာတမံလမ်းမ ပေါ်တွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်က လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။

  ထိုသို့ပစ်ခတ်ခဲ့သဖြင့် စက်လှေအား ကမ်းသို့ ထိုးကပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြမ်းဖက်လူစုအား လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံသော်လည်း အကြမ်း ဖက်လူအုပ်စုမှ လူစုခွဲခြင်းမရှိဘဲ လေးခွများ၊ မီးပုလင်းများ၊ လက်လုပ်သေနတ်များ တို့ဖြင့် ပစ်ခတ်ခြင်းများအား ဆိုးရွားစွာ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဆူပူအကြမ်းဖက်ဖြိုခွဲရေး လုပ်ငန်းစဉ်များ အတိုင်း အဓိကရုဏ်း လက်နက်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ သာဓု ချောင်းကျေးရွာအုပ်စုနေ အုန်းလှိုင်(ဘ)ဦးဘညီ၊ ဇင်ယော်ကျွန်းကျေးရွာနေ ဝင်းဌေး (ဘ)ဦးမြမောင်နှင့် ဗြည့်ဇင်ကုန်းကျေးရွာနေ ညီညီမောင်(ဘ)ဦးမြဌေး တို့ ၃ ဦးအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဒူးလေး ၁ လက်၊ ဓားမ ၁ ချောင်း၊ ကိုင်းခုတ် ဓားရှည် ၁ လက်၊ သံတူရွင်း တို/ရှည် ၂ ချောင်း၊ ပုဆိန် ၁ လက်၊ ရဲဒင်း ၁ လက်၊ ဝါးမီး တုတ် ၂ ချောင်း၊ လောက်စာလုံး ၃၀၀ လုံး၊ မီးပုလင်း ၂ လုံး၊ ဓာတ်ဆီ ၄ ဂါလံပုံး ၃ ပုံး၊ ပီနံအိတ်ဖြင့် ထည့်ထားသည့် ပုလင်းခွံ ၁၅ လုံးတို့နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ သည်။

 အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အများပြည်သူကို ဖြစ်စေ၊ အစိုးရဝန်ထမ်းများကို ဖြစ်စေ ပြစ်မှုကျူးလွန်ရန် ရည်ရွယ်၍ တရားမဝင် လက်နက်များ ကိုင်ဆောင် အသုံးပြုပြီး အကြမ်းဖက် ရန်ပြုခဲ့မှုတွင် ဖမ်းဆီးရမိသူများ၊ ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။