ဟေတီသမ္မတလုပ်ကြံခံရမှုအတွက် သမ္မတ၏ လုံခြုံရေးခေါင်းဆောင်ဖမ်းဆီးခံရ

ဟေတီသမ္မတလုပ်ကြံခံရမှုအတွက် သမ္မတ၏ လုံခြုံရေးခေါင်းဆောင်ဖမ်းဆီးခံရ

ပေါ်တိုပရင့်၊ ပြည်တွင်းရေး

ဇူလိုင် ၇ ရက်တွင်ဖြစ်ပွားသည့် ဟေတီသမ္မတ    ဂျိုဗီနယ်မိုအိလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် သမ္မတ၏လုံခြုံရေး ခေါင်းဆောင် ဂျင်းလာဂယ်စီးဗီး ဖမ်းဆီးခံရကြောင်းသိရသည်။

လက်နက်ကိုင်လုပ်ကြံရေးသမားများသည်  ညသန်းခေါင်ယံအချိန်တွင် သမ္မတအိမ်တော် ၏ အိပ်ခန်းဆောင်အတွင်းအထိဝင်ကာ လုပ်ကြံလိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည်  ပစ်ခတ်မှု စိုးစဉ်းမျှဖြစ်ပွားခြင်းမရှိဘဲ  သမ္မတ၏ကိုယ်ရံတော်များကို ကျော်ဖြတ်ကာ သမ္မတကို လုပ်ကြံလိုက်နိုင်ခြင်းဖြစ်သည့်အတွက် အဆိုပါအမှုတွင်သမ္မတ၏  လုံခြုံရေး ခေါင်းဆောင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည့်အတွက် ယခုကဲ့သို့   အဖမ်းခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၆ ရက်တွင်ထုတ်ပြန်သည်။

ယခုအခါ ဂျင်းလာဂယ်စီးဗီးကို ပေါ်တိုပရင့်မြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် တိုက်ပိတ်ထားကြောင်းနှင့် ထိုသို့ဖမ်းဆီးထားသည်မှာမှန်ကန်ကြောင်း  ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ  မယ်ရီမီရှဲဗာရီးယာကပြောသည်။

အလားတူ သမ္မတ၏လုံခြုံရေးအဖွဲ့တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကိုလည်း ပြည်ပသို့ထွက်ခွာခွင့်မပြုရန် ရဲမင်းကြီး ဘတ်ဖို့ကလော်ဒီက  လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများကို ညွှန်ကြားထားသည်။

ထို့ပြင်  ရဲတပ်ဖွဲ့ဝင်များသည် သမ္မတ ဂျိုဗီနယ်မိုအိက ရာထူးမှဖြုတ်ချလိုက်သည့် တရားရုံးချုပ်မှ  တရားသူကြီးတစ်ဦးဖြစ်သော ဝမ်ဒယ်ကော့သီလော့ကိုလည်း  ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။

Ref: CAN