အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၃

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၄ နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိသူ တရားခံ နေလင်းအောင်(ခ)အားကွေ့နှင့် လွင်မိုး(ခ)လင်းလုတို့၏ ထွက်ဆို ချက်အရ ၎င်းတို့နှင့်အတူ မေလအတွင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူ စိုးကြီးနှင့် ထွဋ်ကြီးတို့မှ ပေးအပ် ထားသည့် လက်လုပ်ဗုံးများအား နေလင်းအောင်(ခ)အားကွေ့နေထိုင်သည့် အမရပူရမြို့နယ်၊ မင်းစု ရပ်ကွက်၊ သစ်စက်ဝင်းရှိ နေအိမ်၌ သိမ်းဆည်းထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်၏ မြောက်ဘက်ရှိ အမှိုက်ကျင်းအတွင်း သိုဝှက်ထားသည့် PVC ပိုက်၊ သံပိုက်တို့ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးမျိုးစုံ ၁၃ လုံး၊ လက်ဆွဲအိတ် ၂ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။