အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အများပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အများပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ နိုဝင်ဘာ ၂၈

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ် ခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

            ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ (၃)ရပ်ကွက်ရှိ ညောင်ပင်အိုင် အခြေခံပညာအထက်တန်း ကျောင်းခွဲရှေ့၌ အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

            အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၄)ရပ်ကွက်၊ မဂ္ဂင်လမ်းပေါ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း အနီး၌ လည်းကောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် (၁)ရပ်ကွက်၊ သစ္စာလမ်းနှင့် ရန်ကင်းလမ်း ထောင့် သစ္စာလမ်းပေါ်၌ လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် (၁)ရပ်ကွက်၊ ရန်ကင်းလမ်း စာတိုက်မှတ်တိုင်နှင့် ပေ ၄၀ ခန့်အကွာရှိ ပလက်ဖောင်းဘေး၌ လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများ၌ အကြမ်းဖက်သူများထောင်ထားသည့် ကြေးဘုရားပန်းအိုးဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးစီ ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုများ ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

            ထို့အတူ နိုဝင်ဘာလ ၂၈ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက် ပေါက်-ပခုက္ကူကားလမ်းဟောင်းဘေးရှိ မြို့နယ်ပညာရေးမှူးရုံး ဝင်ပေါက်တံခါးမကြီးအနီး၌ ကျောပိုးအိတ်တစ်လုံးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောပိုးအိတ်အတွင်း၌ PVC ပိုက်ဖြင့်ပြုလုပ်ထားပြီး နာရီဖြင့်ချိတ်ဆက်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

          အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။