အကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်

အကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်

 
နေပြည်တော်၊ စက်တင်ဘာ ၇

 
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံ တစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ရာတွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာ၊ မိတ္ထီလာ-ပင်းတလဲ ကားလမ်းဘေးရှိ Mytel ဖုန်းတာဝါတိုင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် IPS Pruan ဖုန်းလိုင်းလွှင့်စက်နှင့် ZTT Battery Bank ၄၈ ဗို့ ၇ လုံးအား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

 
အလားတူ နံနက် ၂ နာရီခွဲအချိန်တွင် ဝမ်းတွင်းမြို့နယ်၊ သဲတောကျေးရွာ၏အနောက် တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ Mytel တာဝါတိုင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် Mytel တာဝါတိုင်ရှိ DG အမျိုးအစား မီးစက် ၁ လုံးနှင့် ပါဝါကြိုး ၃ မီတာခန့်အား ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီခွဲအချိန်တွင် ငါးဇွန်မြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးထွန်းရီ(၅၈)နှစ် (ဘ)ဦးစိန်ထွန်း၏နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသော ဖုန်းတာဝါတိုင် အထိုင်စက်ပုံးအား ဖျက်ဆီးခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁ နာရီခွဲအချိန် တွင် အဆိုပါနေအိမ်ခြံဝင်းအတွင်းသို့ အကြမ်းဖက်သူ အမျိုးသား ၅ ဦးက ဆက်သွယ်ရေးတာဝါတိုင်အောက်ခြေအထိုင်စက်ပုံးအား ဖျက်ဆီးခဲ့သဖြင့် တာဝါ တိုင်အထိုင် စက်ပုံးမှ Mytel/Ooredoo/Telenor ဆက်သွယ်ရေးလိုင်း ၃ လိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။