အကြမ်းဖက်သူများ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ဘော်ပြင်းကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံး

နေပြည်တော်၊ ဇွန် ၂၀

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH နှင့် NUG တို့၏ သွေးထိုး မြှောက်ပင့်မှုများဖြင့် အကြမ်းဖက်သူများက အေးချမ်းစွာနေထိုင်သော ပြည်သူများ သေကြေပျက်စီးစေရန် ရက်စက်စွာ သတ်ဖြတ်လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း ချောင်းမြောင်း တိုက်ခိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဝါးရှဉ်းချောင်း ကုန်းဆင်းအနီးရှိ ဆိုင်ကယ် ပြုပြင်ရေးဆိုင်၌ ဘော်ပြင်းကျေးရွာနေ ဦးမြင့်မောင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကျော့ခင် တို့ ၂ ဦး အား အကြမ်းဖက်သောင်းကျန်းသူများက သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ် ထိုးခုတ်ခဲ့သဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ရုပ်အလောင်းများအား ဂန့်ဂေါပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် သေဆုံးသူများ၏ ရုပ်အလောင်းများအား ဘော်ပြင်းကျေးရွာတွင် ပြန်လည် သင်္ဂြိုလ် နိုင်ရေးအတွက် သေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါပြီး နေ့လယ် ၁၂ နာရီခန့်တွင် ဂန့်ဂေါဆေးရုံကြီးမှ ဘော်ပြင်းကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့သည်။

ထိုသို့ထွက်ခွာလာခဲ့ရာ ဘော်ပြင်းကျေးရွာသို့ မရောက်မီ ၁ မိုင်ခန့်အကွာအရောက်တွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ ၁၅ ဦးခန့်က တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့တိုက်ခိုက်ခဲ့သည့် နေရာအား သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါနေရာမှ အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အမျိုးသား ၁ ဦး၏ လက်အတွင်းမှ တူမီးသေနတ် ၁ လက်အား သိမ်းဆည်းရရှိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သူများဆုတ်ခွာသွားသည့် လမ်းကြောင်း အား လိုက်လံစစ်ဆေးခဲ့ရာ အကြမ်းဖက်သူများ တိုက်ခိုက်ခဲ့သည့်နေရာနှင့် ပေ ၁၀၀ ခန့်အကွာ အရောက်တွင် ၎င်းတို့မှ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ M 22 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည် ၄၉ တောင့်နှင့် ကျည်အိမ် ၂ ခုတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်သူများမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ၏ ယာဘက်ပေါင် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ကာ၊ အကြမ်းဖက်သူများထံမှ M 22 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည် ၄၉ တောင့်၊ ကျည်အိမ် ၂ ခုနှင့် တူမီးသေနတ် ၁ လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ထိုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ်သော လုံခြုံရေး အင်အားများ ဖြည့်တင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။