အင်တာနက်လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသရေဖျက်မှုများကို တရားစွဲတိုင်တန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်း

လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နစ်နာမှုကိုဖြစ်စေသည့် အင်တာနက်လူမှုကွန်ရက်ပေါ်မှ အသရေဖျက်သူ၊ ခြိမ်းခြောက်သူများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူနိုင်ပြီး ပြစ်မှုကျူးလွန်သူကို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။ ထို့အပြင် အီလက် ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၈-ခ အရ လည်းအရေးယူနိုင်ပါသည်။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၈-ခ တွင် “မည်သူမဆို သက်ဆိုင်ရာပုဂ္ဂိုလ်၏ ခွင့်ပြုချက်မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်ကို ရယူခြင်း၊ ဖွင့်ချခြင်း၊ အသုံးပြုခြင်း၊ ဖျက်ဆီးခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်း၊ တစ်ဦးတစ်ယောက်ထံသို့ ပေးပို့ခြင်း သို့မဟုတ် အလွဲအသုံးပြုခြင်းဖြစ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ငါးဆယ်ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုပြဋ္ဌာန်းထားပါသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၂၇-ဂ(၂)အရ အစိုးရ ဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တရားဥပဒေ စိုးမိုးရေးအဖွဲ့က ပြစ်မှုဆိုင်ရာ ကိစ္စရပ် များအလိုက် စီမံဆောင်ရွက်ခွင့်အာဏာဖြင့် ဆောင်ရွက်သည့် ရှာဖွေထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သတင်းရယူစုစည်းခြင်း၊ တရားစွဲဆိုတင်ပို့ခြင်းနှင့် တရားရုံးတစ်ခုခုတွင် သက်သေခံအဖြစ် တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ပါသည်။

 သို့ပါ၍ အင်တာနက်လူမှုကွန်ရက်ကိုအသုံးပြု၍ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနစ်နာမှုကိုဖြစ်စေသည့် အင်တာနက်လူမှုကွန်ရက်ပေါ်မှ အနိုင်ကျင့်စော်ကား အသရေဖျက်မှု ပြုလုပ်သူများကို နစ်နာသူများအနေဖြင့် တရားစွဲဆိုတိုင်တန်းနိုင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

 သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ