အင်ဒိုနီးရှားနိုင်ငံရှိ တောင်ကာလီမန်တန်ပြည်နယ်က နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုခံစားရ

 

ဂျကာတာ၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံ တောင်ကာလီမန်တန်ပြည်နယ်၌    ယခုလအစောပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားရာ လူ ၁၅ ဦးသေဆုံးပြီး လူ ၄၀၀၀၀ နီးပါးမှာ နေအိမ်စွန့်ခွာထွက် ပြေးရကြောင်းနှင့် ထိုကဲ့သို့ ရေလွှမ်းမိုးမှုသည် နှစ်ပေါင်း ၅၀ အတွင်း  အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုများကြောင့်    နေအိမ် ၂၄၃၇၉ လုံးပျက်စီးပြီး ဒေသခံ ၃၉၅၄၉ ဦးမှာ နေအိမ်မှ စွန့်ခွာရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ  ရတ်ဒီယာဂျာတီက ဇန်နဝါရီ ၁၇ ရက်တွင်ပြောသည်။ ပြည်နယ်အစိုးရသည် ဇန်နဝါရီ ၁၄ ရက်တွင် အရေးပေါ် အခြေအနေ ကြေညာပြီး ကယ်ဆယ်ရေးသမားများက ရော်ဘာလှေများအပါအဝင် အစားအစာ၊ မွေ့ရာနှင့် စောင်ကဲ့သို့အခြေခံပစ္စည်းများကို ဒေသခံများထံဝေငှပေးသည်။

 သမ္မတ ဂျိုကိုဝီဒိုဒိုအနေဖြင့်လည်း ထိုပြည်နယ်ရှိ ရေကြီးနေသောကျေးရွာများ၊မြစ်များဆီသို့ ဇန်နဝါရီ ၁၈ ရက်တွင် လာရောက်ကြည့်ရှုကာ ပျက်စီးနေသောတံတားများကိုစစ်ဆေးကြောင်း သိရသည်။ ရေကြီးမှုများသည် အခြားပြည်နယ်နှစ်ခုတွင်လည်းဖြစ်ပွားသည်။ မြောက်ဆူလာဝေစီပြည်နယ်ရှိ မာနာဒိုမြို့၌ ဇန်နဝါရီ ၁၁ ရက်မှစ၍  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေလွှမ်းမိုး မှုဖြစ်ပွားရာ လူခြောက်ဦးသေဆုံးပြီး    ၅၀၀ ခန့်မှာဘေးကင်းရာသို့ပြောင်းရွှေ့ရသည်။ ထို့ပြင် အနောက် ဂျာဗားပြည်နယ်ရှိ ဆူမီဒန်ဒေသတွင်လည်း   မြေပြိုမှုနှင့်ရေလွှမ်းမိုးမှုများကြောင့် လူ ၃၆ ဦး သေဆုံး ကြောင်း သိရသည်။