အင်ဒိုနီးရှား ရဲဌာနချုပ်အတွင်း အကြမ်းဖက်ရန် ဝင်လာသူ အမျိုးသမီးကို အသေပစ်ခတ် ဖမ်းဆီး

ဂျကာတာ၊ အကြမ်းဖက်မှု

မတ် ၃၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိရဲဌာနချုပ်သို့ အကြမ်းဖက်ရန် ဝင်လာသူ အမျိုးသမီးကို တာဝန်ရှိသူများက အသေပစ်ခတ် ဖမ်းဆီးလိုက်နိုင်ကြောင်း ဒေသတွင်း မီဒီယာကဖော်ပြသည်။

မျက်နှာကိုပဝါဖြင့် အုပ်ထားပြီး အနက်ရောင်အင်္ကျီရှည်  ဝတ်ဆင်ထားသည့် အဆိုပါ အမျိုးသမီးက ရဲဌာနချုပ်အတွင်း ဝင်ရောက်  သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို နာမည်ကျော် ရုပ်မြင်သံကြား သတင်းဌာနများက ထုတ်လွှင့်သည်။

ထို့နောက်  ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လဲကျကာ မလှုပ်မယှက်ငြိမ်သက်နေသည့် တစ်ကိုယ်တော် တိုက်ခိုက်ရေး သမားဖြစ်သော အမျိုးသမီး အကြမ်းဖက်သမားအနီးသို့ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းပတ် ဝန်းရံလိုက်သည်ကိုလည်း သတင်းဌာနများ၏ ထုတ်လွှင့်ချက်တွင် တွေ့ရသည်။

အင်ဒိုနီးရှားနိုင်ငံရှိ  ရဲစခန်းများသည် ပြီးခဲ့သည့်နှစ်များစွာအတွင်း အစွန်းရောက် အကြမ်းဖက်သမားများ၏    ပစ်မှတ်ထား တိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် လူ ၂ဝ ကျော် ဒဏ်ရာရရှိသည့် ဆူလာဝေစီကျွန်း မာကာဆာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၌ အသေခံဗုံးခွဲ တိုက်ခိုက်မှုနှစ်ခုဖြစ်ပွားပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်မှုကို လုပ်ဆောင်သူများမှာ ISIS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့်   ကြင်စဦးဇနီးမောင်နှံဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ အများစုမှာ ပြင်းထန် မီးလောင်ဒဏ်ရာများဖြင့် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရသည်။