အင်းစိန်မြို့ပတ်ရထားပေါ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များ

အင်းစိန်မြို့ပတ်ရထားပေါ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များ

နေပြည်တော်၊ စက်တင်ဘာ- ၈

ဩဂုတ် ၁၄ ရက်နေ့တွင် အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန် မြို့ပတ် ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၆ ဦးအား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်၍ လက်နက် ၄ လက်နှင့်ခဲယမ်းအချို့ကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
၎င်းဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းအကြမ်းဖက်အဖွဲ့မှ နေလင်းထိုက် နှင့် ကျော်ဝင်းစိုး တို့သည် ဩဂုတ် ၈ ရက်နှင့် ၁၀ ရက်နေ့များတွင် မလွှကုန်း ဘူတာမှ မြို့ပတ်ရထားအား စီးနင်းလိုက်ပါ၍ ကြိုတင်လေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ် ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက်၊ ဇေယျာဒီပ(၁)လမ်း၊ အိမ်အမှတ်(၁၅၀)တွင် နေလင်းထိုက်မှ ဦးဆောင်၍ ရထားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်လုပ်ကြံရန် အစီအစဉ်များရေးဆွဲခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဇော်ဂျီမှ လည်းကောင်း၊ မြေပုံရေးဆွဲနည်းပညာအဖွဲ့တွင် ဇေယျာဖြိုးနှင့် ဒေါ်မြင့်(ခ)ပိစိ တို့မှ လည်းကောင်း၊ စောင့်ကြည့်ရေးအဖွဲ့တွင် ဆန်းမင်းအောင်၊ ကျော်ဝင်းစိုး၊ ကိုရှိုင်း တို့ ၃ ဦးမှ လည်းကောင်း၊ မီးရထား စက်ခေါင်းမောင်း ထိန်းချုပ်ရေးအဖွဲ့တွင် နန္ဒ(ခ)ဂျာကြီး၊ ကိုမင်း၊ နှုတ်ခမ်းမွှေး တို့မှ လည်းကောင်း၊ ပစ်ခတ်သတ်ဖြတ်ရေးအဖွဲ့တွင် နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေး၊ ကောင်းပြည့်စုံဦး တို့မှ လည်းကောင်း၊ ယာဉ်မောင်းနှင် ပို့ဆောင်သူများအဖွဲ့တွင် ကျော်ကျော်မင်း(ခ)ကျားလေး၊ နငယ်၊ ပိုးဉ တို့မှ လည်းကောင်း အသီးသီးဆောင်ရွက်ရန် တာဝန်ခွဲဝေခဲ့ပြီး မြတ်ဖြိုးပွင့်နှင့် ပုချေတို့မှ နောက်ကွယ်မှကူညီထောက်ပံ့ရန် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
ဩဂုတ် ၁၄ ရက်တွင် စောင့်ကြည့်ရေးအဖွဲ့များမှ ရန်ကုန်မြို့ပတ်ရထားအား မလွှကုန်း ဘူတာမှစတင်၍ ကိုရှိုင်း သည် အတွဲအမှတ်(၄)၌ လည်းကောင်း၊ ကျော်ဝင်းစိုး သည် အတွဲ အမှတ်(၂)မှ လည်းကောင်း၊ ဆန်းမင်းအောင် သည် အတွဲအမှတ်(၃)မှ လည်းကောင်း လိုက်ပါစီး နင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အတွဲအမှတ်(၄)၏ အခြေအနေအား ကြိုတင် လေ့လာခဲ့ကြောင်း၊ ထို့နောက် ဘုရားလမ်းဘူတာတွင် ၎င်းအဖွဲ့ဝင်များဆင်း၍ ပစ်ခတ်သတ် ဖြတ်မည့် အဖွဲ့ဝင်များဖြစ်သော ကောင်းပြည့်စုံဦး၊ ကျော်လေး၊ ဇော်ဂျီ နှင့် အောင်ကြီးတို့မှ မြို့ပတ်ရထားပေါ်သို့ တက်ရောက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော အတွဲအမှတ်(၄)တွင် ဖြန့်ခွဲနေရာယူခဲ့ကြောင်း၊ ပြည်လမ်းဘူတာတွင် နေလင်းထိုက် နှင့် ရှမ်းလေးတို့ ထပ်မံ တက်ရောက်၍ စောင့်ဆိုင်းခဲ့ကြောင်း၊ ရှမ်းလမ်းဘူတာတွင် ရထားမောင်းနှင်သူအား ထိန်းချုပ် မည့်အဖွဲ့မှ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေး တို့ ၃ ဦး တက်ရောက်ခဲ့ပြီး ရထားစက်ခေါင်းမောင်းအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ထိန်းချုပ်ခဲ့ကြောင်း၊ အလုံဘူတာနှင့် ပန်းလှိုင်ဘူတာကြားတွင် ပစ်ခတ်သတ်ဖြတ် ရေးအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ ၎င်းတို့ထံမှ သေနတ် ၄ လက်ကို ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ပန်းလှိုင်ဘူတာနှင့် အလုံဘူတာကြား၊ ရှင်စောပု လမ်းနှင့် ရထားလမ်းဆုံနေရာတွင် ရထားအရှိန်လျှော့ချမောင်းနှင်ချိန်တွင် ဆင်း၍ ကောင်းပြည့်စုံဦး၊ နေလင်းထိုက် နှင့် ရှမ်းလေး တို့သည် ရှင်စောပုလမ်း၌ အသင့် စောင့်ဆိုင်းနေသည့် ပိုးဉ မောင်းနှင်သော ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ နန္ဒ၊ ကိုမင်း၊ နှုတ်ခမ်းမွှေး၊ ဇော်ဂျီ၊ အောင်ကြီးနှင့် ကျော်လေး တို့ ၆ ဦးသည် ဦးလူနီ လမ်းတွင် စောင့်ဆိုင်းနေသော ကျော်ကျော်မင်း မောင်းနှင်သည့် Filder ယာဉ်၊ ဝင်းထွဋ် မောင်းနှင်သော AD Van ယာဉ်များဖြင့် လည်းကောင်း အသီးသီး ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ရရှိခဲ့သည့် သေနတ် ၄ လက်အား နေလင်းထိုက် မှ တိုက်ချွတ် ဆေးကြောနိုင် ရန်အတွက် မောင်ကျော်(ခ)ဖြိုးဇေယျာသော် (NLD ပါတီ၊ ၂၀၁၅ ခုနှစ်၊ ဇဗ္ဗူသီရိလွှတ်တော် ကိုယ်စားလှယ်ဟောင်း)ထံတွင် အပ်နှံခဲ့ကြောင်း၊ စက်တင်ဘာ ၁ ရက်တွင် ဂစ်တာအိတ် ၂ လုံးအတွင်းထည့်ထားသည့် လက်နက်/ ခဲယမ်းများအား ဖြိုးဇေယျာသော် မှ စေလွှတ်လိုက်သော မွတ်စလင်လူမျိုး (အမည်မသိ)ထံမှ တာမွေမြို့နယ်၊ နန္ဒဂုဏ်ရည်လမ်း၌ ဆန်းမင်းအောင်နှင့် နငယ် တို့မှ ကမ်မရီယာဉ်ဖြင့် သွားရောက်ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် သုဝဏ္ဏမြို့နယ်၊ ကမာကြည်လမ်းမတစ်နေရာတွင် ဇေယျာဖြိုး၊ မြတ်ဖြိုးပွင့် တို့နှင့် ချိန်းဆိုတွေ့ ဆုံခဲ့ပြီး မြတ်ဖြိုးပွင့် မောင်းနှင်လာသော ဟွန်ဒါစီဗစ်ကားအား နငယ်နှင့်အတူ ထားခဲ့ကြောင်း၊ ထို့နောက် ကင်မရီကားဖြင့် လက်နက်/ခဲယမ်းများထည့်ထားသည့် ဂစ်တာအိတ် ၂ လုံးအား ရန်ကုန်သစ်ရပ်ကွက်ရှိ မြတ်ဖြိုးပွင့် နေအိမ်သို့ ပို့ဆောင်ခဲ့ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်း၊ လက်နက်/ခဲယမ်း များ ယူဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် အောင်ပွဲခံသည့်အနေဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ Golden Park တွင် ညစာစားပွဲအားပြုလုပ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကျော်ကျော်မင်း၊ နေလင်းထိုက်၊ ပုချေ တို့မှာ KNLA တပ်မဟာ (၃)နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။