အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအုပ်စု ရပ်တန်းရပ်၌ ယွန်းထည်ပစ္စည်း အမျိုးမျိုး ရက်လုပ်လျက်ရှိ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း   ဟံသာဝတီကျေးရွာ အုပ်စု  ရပ်တန်းရပ်၌  ယွန်းထည်ပစ္စည်း အမျိုးမျိုး ရက်လုပ်လျက်ရှိပြီး နှီးဘုရား ပုံတော်များကိုလည်း မှာယူမှုရှိပါက ရက် လုပ်ပေးကြောင်း   ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ   ဦးချိုတူး၏ ပြောပြချက်အရ သိရသည်။

ယွန်းထည်ပစ္စည်းများ ဖြစ်သော ယွန်း ဆွမ်းအုပ်၊ ယွန်းကွမ်းအစ်၊ ယွန်းသပိတ်နှင့် နှီးဘုရားပုံတော်စသော ယွန်းထည်ပစ္စည်းများကို ရာသီမရွေး ရက်လုပ်ကြသည်။ နှီး ဘုရားပုံတော် ရက်လုပ်လိုပါက နှီးဖြင့်ရက် လုပ်ရပြီး သစ်စေးသရိုးဖြင့် သစ်စေးတင်ရကြောင်း၊  သစ်စေးတင်ပြီး ပုံတော်များကို လွှစာမှုန့်နှင့် သစ်စေးရောနှောပြီး သုတ်လိမ်းပေးရကြောင်း၊ သုတ်လိမ်းပြီး ပုံတော်များကို နေရိပ်၌အခြောက်ခံပြီး ကော်ဖတ် ဖြင့်ပွတ်တိုက်၍ သစ်စေးများဖြင့် ထပ်မံ သုတ်ပေးရကာ  သစ်စေးသုတ်ပြီးသည့် ပုံတော်များကို ကော်ဖတ်ဖြင့် အနည်းဆုံး သုံးကြိမ်ပွတ်တိုက်၍ အချောကိုင်ရကြောင်း နှင့်  အချောကိုင်ပြီးသည့် ပုံတော်များကို  သစ်စေးအနီရောင်ဖြင့် နောက်ဆုံးအဆင့် ထပ်မံ သုတ်လိမ်းပေးရကြောင်း သိရသည်။

ယွန်းထည်ပစ္စည်းများ ဖြစ်သော ဆွမ်း အုပ်၊ ကွမ်းအစ်၊ သပိတ်၊ အသုံးအဆောင် ပစ္စည်းများနှင့်   အလှဆင်ပစ္စည်းများကို နှီးဖြင့်အဖြူထည် ရက်လုပ်ပြီးလျှင် သစ်စေး ရည်တစ်ထပ် သုတ်ပေးရကြောင်း၊    ယွန်းထည်ပစ္စည်း တစ်ခုရရှိရန်   အကြိမ်ကြိမ် ကော်ဖတ်တိုက်၊  အကြိမ်ကြိမ်သစ်စေး သုတ်ပေးရကာ ခြောက်သွေ့အောင် ပြုလုပ်ပြီး ဈေးကွက်သို့တင်ပို့ ရောင်းချရကြောင်း၊ ရက်လုပ်ပြီး   ယွန်းထည်ပစ္စည်းများကို မန္တလေး၊ ဟုမ္မလင်း၊  မိတ္ထီလာ၊   မော်လမြိုင်၊ ကျောက်ပန်းတောင်း စသည့်မြို့တို့သို့ အများဆုံး တင်ပို့ရောင်းချကြောင်း  သိရသည်။