အင်္ဂလန်၌ ထပ်တိုး ကာကွယ်ဆေးထိုး လုပ်ငန်းစတင်

အင်္ဂလန်၌ ထပ်တိုး ကာကွယ်ဆေးထိုး လုပ်ငန်းစတင်

အင်္ဂလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ကာကွယ်ရေးအတွက် ထပ်တိုး ကာကွယ်ဆေးထိုး လုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်တွင်စတင်ကြောင်း အမျိုးသားကျန်းမာရေးဌာနက ပြောသည်။ အဆိုပါ ထပ်ထိုးကာကွယ်ဆေးထိုး လုပ်ငန်းကို အစိုးရအဖွဲ့တာဝန်ရှိသူများက ယခုသီတင်းပတ် အစောပိုင်းတွင် ခွင့်ပြုပေးထားပြီးဖြစ်သည်။

အသက် ၅ဝ ကျော်သူများနှင့် အခြားဦးစားပေး အုပ်စုများကို ထပ်တိုး ကာကွယ်ဆေးထိုးပေးခြင်းက လာမည့် ဆောင်းရာသီကို ကိုဗစ်-၁၉ ရောဂါကြောင့်  လော့ဒေါင်း ချမှတ်ရခြင်းမရှိဘဲ ဖြတ်သန်းနိုင်ရန် မည်မျှ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၄ ရက်တွင် ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသည်မှာ အနည်းဆုံးခြောက်လရှိနေသူများကိုသာ ထပ်တိုးကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်သည့် အတွက် ဦးစားပေးအစီအစဉ်မှာ ယခင်အတိုင်းဖြစ်ကာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါပိုးကူးစက် လွယ်သူများ ပါဝင်သည်။

ဆေးရုံများတွင် ကျန်းမာရေး ဝန်ထမ်းများကို ထပ်တိုးကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်းနှင့် ပြည်သူများကို လာမည့် သီတင်းပတ်မှ စတင်ကာ ထပ်တိုးကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးဌာနက ပြောသည်။

ပထမဆုံးအကြိမ် ထပ်တိုးကာကွယ်ဆေးထိုး လုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်တွင် စတင်ကြောင်း၊   ဆောင်းရာသီတွင် ရောဂါပိုး ကူးစက်မှုအန္တရာယ်   ပိုများသည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခွင့် ရသူတိုင်း ကာကွယ်ဆေးကို ထိုးသင့်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

အစိုးရသည် ထပ်တိုး ကာကွယ်ဆေးထိုးပေးရေး ဆုံးဖြတ်ချက်ကို   အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရေး မလုပ်ဆောင်မီ ချမှတ်လိုက်ခြင်းဖြစ်ပြီး ကလေးငယ်များကို လာမည့် သီတင်းပတ်တွင် စာသင်ကျောင်းများ၌ ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။