အစားအစာကနေကူးစက်နိုင်မှုအတွက် သတိပေးခေါင်းလောင်းထိုးလိုက်တဲ့ ကိုဗစ်-၁၉ ရောဂါ

 

ပြီးခဲ့တဲ့သီတင်းပတ် တိတိကျကျပြောရရင် ဇန်နဝါရီ ၁၄ ရက်တုန်းက တီယန်ကျင်းမြို့ တာဝန်ရှိသူ တွေက ရေခဲမုန့်ရဲ့ နမူနာသုံးခုမှာ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်ကိုတွေ့ရတယ် လို့ ထုတ်ပြန်လိုက်ပါတယ်။ရေခဲမုန့်ဆိုတာ   ကလေး၊   လူကြီး အရွယ်စုံနှစ်ခြိုက်တဲ့ အစားအစာတစ်မျိုး ဖြစ်တာကြောင့်    တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို အရေးတယူရှိခဲ့ပါတယ်။

ဒီအတွက်ကြောင့် ရေခဲမုန့်၊ အပြင်ပါကင်ပိတ်၊ ထုတ်လုပ်ရေးစက်ရုံနဲ့အရောင်းဆိုင်တို့ကနေ နမူနာပေါင်း ၂၈၀၀ ကို ရယူစစ်ဆေးခဲ့တဲ့အခါမှာတော့ ရေခဲမုန့်ရဲ့နမူနာနောက်နှစ်ခုမှာ ကိုဗစ်-၁၉ ရောဂါပိုးကို ထပ်ပြီးတွေ့ရှိလိုက်ရပါတယ်။ အခုဆိုရင် အဲဒီလိုရောဂါပိုးတွေရှိနေနိုင်တဲ့ ရေခဲမုန့်တွေအားလုံးကို ခြေရာခံပြီးပြန်သိမ်းမှုတွေလုပ်ပြီးပါပြီ။ ဒါပေမဲ့ ရေခဲမုန့် ၂၁ ခုကတော့ ဘယ်ရောက်လို့ရောက်မှန်း မသိပျောက်ဆုံးနေပါတယ်။

ဒီလိုမျိုးရေခဲမုန့်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရခြင်းဟာ ရေခဲမုန့်လုပ်ရာမှာအသုံးပြုတဲ့ နို့မှုန့်ကြောင့် ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးမှုတစ်ခုက  ကောက်ချက်ချထားပါတယ်။  အဲဒီနို့မှုန့်ကို  ယူကရိန်းနိုင်ငံက တင်သွင်းတာပါ။ ဟိုတလောလေးကလည်း တရုတ်နိုင်ငံကိုတင်ပို့တဲ့   အေးခဲအစားအစာတွေမှာ ကိုဗစ်-၁၉   ရောဂါပိုးတွေပါလာတာမျိုးရှိပါတယ်။ အေးခဲအစားအစာတွေကနေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ နိုင်ခြေက   မရှိသလောက်ကိုနည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပေမယ့်လည်း တရုတ် ကုန်တင်ယာဉ်မောင်းတစ်ယောက်ကတော့ အဲဒီအေးခဲအစားအစာတွေကနေမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပါတယ်။

မနှစ်က နိုဝင်ဘာလမှာ တီယန်ကျင်းမြို့ကပဲ  ကုန်တင်ယာဉ်မောင်းတစ်ယောက်ဟာ ဗီဇပြောင်း  ကိုဗစ်-၁၉ ရောဂါတစ်မျိုးကူးစက်ခံထားရတာတွေ့ရပါတယ်။ အဲဒီဗီဇပြောင်းရောဂါပိုးက သူကိုင်တွယ်ခဲ့ တဲ့ အေးခဲဝက်သားပေါ်ကနေတွေ့ရတဲ့ရောဂါပိုးနဲ့အတူတူပါပဲ။   အဲဒီအေးခဲ ဝက်သားကိုတော့    မြောက်အမေရိကဒေသကနေတင်သွင်းတာပါ။ အခုတော့ အေးနေ၊ ခဲနေတဲ့အချိန်မှာသာစားသုံးနိုင်တဲ့    ရေခဲမုန့်ထဲကနေ ကိုဗစ်-၁၉ ရောဂါကိုတွေ့ရှိတယ်ဆိုတာက တော်တော်ကြီးကိုစိုးရိမ်စရာကောင်း သွားပါပြီ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်မှုနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုလည်း ထွက်ပေါ်လာ စေပါတယ်။

ရေခဲမုန့်ကုန်ကြမ်းမှာ ရောဂါပိုးတွေ့တာက အေးခဲအစားအစာတွေမှာ ရောဂါပိုးတွေ့တာနဲ့ အခြေ အနေချင်းမတူပါဘူး။ အေးခဲအစားအစာတွေကိုကျတော့ မီးအပူပေးပြီး ကျက်အောင်ချက်ရင် စိတ်ချ လက်ချစားနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲမုန့်ကိုကျတော့ အဲဒီလိုမီးအပူပေးလို့မရပါဘူး။ ဒီအတွက် အေးခဲ နေတဲ့အချိန်အတွင်းမှာပဲ စားရပါတယ်။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးဟာ အစားအစာနဲ့ အတူပါလာပြီး ခန္ဓာကိုယ်အတွင်းဝင်သွားပြီးတဲ့နောက် အစာခြေလမ်းကြောင်းကနေတစ်ဆင့်   လူကို ကူးစက်နိုင်သေးလားဆိုတာကတော့ ဘယ်သူမှတိတိကျကျမသိသေးသလို   တိကျတဲ့ သက်သေပြချက် တွေလည်း    မရှိသေးပါဘူး။

လတ်တလောလုပ်ထားတဲ့ သုတေသနတွေအရတော့ ကိုဗစ်-၁၉ ရောဂါပိုးဟာ အပူချိန်  ၄ ဒီဂရီစင်တီ ဂရိတ်မှာဆိုရင် ပိုပြီးတော့အသက်ရှည်တာကိုတွေ့ရပါတယ်။ ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်တဲ့   ဆား(စ်)ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်အပါအဝင် တခြားကိုရိုနာ ဗိုင်းရပ်တွေက အဲဒီ အပူချိန်မှာပဲ ၁၄ ရက်ကနေ ၄၉ ရက်အထိ အသက်ရှင်နိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။  ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါပိုးကတော့ ဘယ်လောက်အထိအသက်ရှင်နိုင်တယ်ဆိုတာ သဲသဲကွဲကွဲမသိရသေးပါ ဘူး။

တချို့ကလည်း ဒီလိုမျိုးအေးခဲအစားအစာတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတာဟာ နိုင်ငံရေး အရလုပ်ကြံမှုဖြစ်တယ်လို့ပြောနေကြပါသေးတယ်။ အဲဒီလိုပြောဆိုချက်တွေကတော့ ခိုင်မာမှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင်  တရုတ်တာဝန်ရှိသူတွေက ဈေးကွက်ထဲကအေးခဲအစားအစာနမူနာပေါင်း ၈၇၃၄၇၅ ခုကို ကျပန်းရယူစစ်ဆေးခဲ့ရာ ၁၃ ခုမှာသာ ကိုဗစ်-၁၉ ရောဂါပိုးကိုတွေ့ရပါတယ်။ သေချာတာ တစ်ခုကတော့ ကိုဗစ်-၁၉ ရောဂါပိုးဟာ အေးမြတဲ့နေရာတွေမှာအသက်ရှင်သန်နိုင်တာပါပဲ။ ဒီလိုဆိုရင် မေးခွန်းထုတ်စရာရှိလာပါတယ်။

ဒီလိုနေရာတကာမှာ    ကိုဗစ်-၁၉ ရောဂါပိုးကိုတွေ့နေရတဲ့အတွက် ဘယ်လိုမျိုးနေမှ ရောဂါပိုးကူးစက်မှု ကိုမခံရမှာလဲဆိုပြီး မေးကောင်းမေးလာနိုင်ပါတယ်။ အဲဒီမေးခွန်းအတွက်အဖြေကတော့ အရာရာကို သတိနဲ့ယှဉ်ပြီးဆောင်ရွက်ကြဖို့ပါပဲ။ အရာဝတ္ထုတွေကိုကိုင်တွယ်ထိတွေ့တဲ့အခါ အထူးသဖြင့် အေးခဲ အစားအစာတွေကိုထိတွေ့တဲ့အခါ ရောဂါကူးစက်နိုင်တယ်ဆိုတဲ့အသိနဲ့ ကိုင်တွယ်ရပါမယ်။ ကိုယ်က ကုန်တိုက်တွေကနေ အေးခဲအစားအစာတွေကို  ဝယ်ယူစားသောက်လေ့ရှိသူဆိုရင်တော့    ကိုယ်ဝယ် လာတဲ့ အသားတွေကို ကျက်နေအောင်ကောင်းစွာချက်ပြုတ်ဖို့လိုပါလိမ့်မယ်။

အကောင်းဆုံးကတော့   အရာဝတ္ထုတွေကိုကိုင်တွယ်ပြီးရင်   လက်ကိုသေချာဆေးဖို့နဲ့ နှာခေါင်းစည်း ကိုစနစ်တကျအသုံး ပြုခြင်းပါပဲ။ ဒီလိုအသုံးပြုခြင်းဟာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အထိုက် အလျောက်တော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ နောက်တစ်ချက်က   ကိုယ်ခံအားကောင်းအောင် တစ်နည်းပြောရရင် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက် ခြင်းကလည်း ဘယ်ကနေ ဘယ်လိုကူးစက်လာမလဲဆိုတာမသိနိုင်တဲ့   ကိုဗစ်-၁၉ ရောဂါကိုကာကွယ်ဖို့နဲ့   တော်ရုံတန်ရုံ အသက် မဆုံးရှုံးစေဖို့ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။