အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကြီးကြပ် ဆရာတော်များနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား ဖူးမြော်ကြည်ညို

ရန်ကုန်  ဇွန်  ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၅ ရက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  ရန်ကင်းစာဖြေဌာန၊  သင်္ဃန်းကျွန်း စာဖြေဌာန၊ သာကေတစာဖြေဌာန၊ ဒဂုံ(ဆိပ်ကမ်း)စာဖြေဌာနတို့သို့ လည်းကောင်း၊ ဇွန် ၆ ရက်တွင် ဗဟန်းစာဖြေဌာနနှင့် အင်းစိန်စာဖြေဌာနတို့သို့ လည်းကောင်း သွားရောက်၍ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေး ဦးစီးဌာန၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်လျက်ရှိသည့် ကမ္ဘာအေးကုန်းမြေရှိ အမှုထမ်းအိမ်ရာ (ခြောက်ခန်းတွဲ လေးထပ်) RC နှစ်လုံး တည်ဆောက်နေမှု အခြေအနေနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ အဆောက်အအုံအမိုး၊ မျက်နှာကြက်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော်နှင့် ဌာနကြီးမှူး    ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ ပါမောက္ခချုပ် ဆရာတော်နှင့် ဒုတိယပါမောက္ခချုပ် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညို၍ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ မွန်းလွဲပိုင်းတွင် ပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာပ စာဖြေဌာန၊ ဗဟန်းစာဖြေဌာန၊ တောင်ဥက္ကလာပ စာဖြေဌာနနှင့် ရန်ကင်း စာဖြေဌာနတို့သို့ သွားရောက်၍ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက်  တောင်ဥက္ကလာပမြို့နယ် (၁၄/၂)ရပ်ကွက်ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အတန်းပညာ သင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်၍   လိုအပ်သည်များ  ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။